ရာသီဥတု ပြောင်းလဲမှုအရေး အမေးအဖြေ
-
ရာသီဥတု ပြောင်းလဲနေကြောင်း ဘယ်တုန်းက စသိခဲ့သလဲ ?
-
၁၈၉၀ ပြည့်နှစ်လွန်အချိန်တွင် ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်နှင့် အမေရိကန်ပညာရှင် ချိန်ဘာလိန်တို့က ရုပ်ကြွင်းလောင်စာများမှထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီး ပိုပူလာနိုင်ကြောင်း သီးခြားစီ ပြောဆိုခဲ့သည်။ ကမ္ဘာ့လေထု၏ အချို့နေရာများတွင် ပုံမှန်ထက် ပူနွေးနေကြောင်း ၁၉၃၀ ပြည့်နှစ်နောက်ပိုင်းတွင် သိရှိခဲ့ကာ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်နေသည်ကို ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ပညာရှင်တို့၏ လေ့လာချက်က ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်မှုနှင့် ကမ္ဘာပူနွေးလာမှု ဆက်စပ်နေကြောင်း ခိုင်လုံစွာ နားလည်ခဲ့သည်။
မေးခွန်းများသို့
-
ရာသီဥတုပြောင်းလဲလာတာ လူတွေကြောင့်ဟု ဘာကြောင့် ပြောနိုင်သလဲ ?
-
ကမ္ဘာကို ပူနွေးစေသည့် အဓိကဓာတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ခန့်အတွင်း ၂၆၀ ပီပီအမ်မှ ၂၈၀ ပီပီအမ်ကြားတွင် ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော် စက်မှုတော်လှန်ရေးခေတ် စတင်ကာ ရုပ်ကြွင်းလောင်စာ အမြောက်အများကို အသုံးပြုလာခဲ့ချိန်မှစ၍ ကာဘွန်ဒိုင်အောက်ဆိုက်အပါအ၀င် ဖန်လုံအိမ်ဓာတ်ငွေ့များ၏ ပမာဏသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ လူနေမြို့ရွာများနှင့် စိုက်ခင်းများ တိုးချဲ့ရန် သစ်တောခုတ်လှဲမှုကြောင့်လည်း ဓာတ်ငွေ့များ၏ ပမာဏ တက်လာသည်။ အကျိုးဆက်အဖြစ် ကမ္ဘာ့လေထုအပူချိန်လည်း တက်လာသည်။
ပညာရှင်တို့သည် ကမ္ဘာ၏ နေကိုပတ်ရာတွင် ရှိသည့် တည်နေရာ အနေအထား၊ အကာသ ဓာတ်ရောင်ခြည်နှင့် နေမှ ဓာတ်မှုန်များ ကမ္ဘာသို့ ရောက်ရှိမှု၊ နေ၏ လှုပ်ရှားမှု၊ မီးတောင်ပေါက်မှုစသည့် သဘာဝအကြောင်းများကြောင့် ရာသီပြောင်းနိုင်ချေများကို ကွန်ပျူတာမိုဒယ်များတွင် ထည့်သွင်းတွက်ချက် လေ့လာခဲ့သည်။ ရရှိသော အဖြေသည် ကမ္ဘာတွင် လက်တွေ့ ကြုံနေရသော အပူချိန်တက်နေမှုနှင့် ကွားခြားနေခဲ့သည်။ လူတို့ကြောင့် ဖြစ်သော ရုပ်ကြွင်း လောင်စာ လောင်မြိုက်မှုနှင့် သစ်တောခုတ်လှဲမှုမှ ထွက်သည့် ဓာတ်ငွေ့ကြောင့် ဖြစ်နိုင်သည့်အကျိုးဆက်ကို ကွန်ပျူတာထဲထည့်၍ တွက်မှ ကွန်ပျူတာက ထုတ်ပေးသော ရလဒ်သည် တကယ့်ဖြစ်ရပ်နှင့် ကိုက်ညီနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ယနေ့ကမ္ဘာပူနွေးလာမှုသည် လူ့ပယောဂကြောင့်ဟု ကောက်ချက်ချကြသည်။
မေးခွန်းများသို့
-
အပူချိန် ဒီဂရီ နည်းနည်းကလေးပဲ တက်မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ ဒီလောက် နည်းနည်းတက်တာဟာ စိုးရိမ်စရာလား ?
-
၁၉၀၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နှစ် ၁၀၀ အတွင်း မျက်နှာပြင်အနီး လေထု၏ ပျမ်းမျှအပူချိန်သည် ၁ ဒသမ ၃၃ ဒီဂရီ ဖာရင်ဟိုက်(၀ ဒသမ ၇၄ ဒီဂရီ စင်တီဂရိတ်) တက်ခဲ့သည်။ ၂၁ ရာစုအတွင်းတွင် အပူချိန်သည် ၂ ဒီဂရီမှ ၁၁ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်(၁ ဒသမ ၁ ဒီဂရီမှ ၆ ဒသမ ဒီဂရီ စင်တီဂရိတ်)ခန့် ထပ်တက်ဦးမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ မြင့်တက်မှုပမာဏသည် နေ့စဉ်အပူချိန် ပြောင်းလဲမှုနှင့် ချိန်ထိုးနှိုင်းယှဉ်လျှင် အရေးမကြီးလှဟု ထင်စရာ ဖြစ်သည်။
သို့သော် နေ့စဉ်တွေ့ရသော အပူချိန် အတက်အကျမှာ နာရီပိုင်းရက်ပိုင်းခန့်မျှသာ ကြာသဖြင့် ကမ္ဘာ့လေထုနှင့် အခြားသက်ရှိသက်မဲ့ပတ်ဝန်းကျင်ကို များစွာ ထိခိုက်ပြောင်းလဲခြင်း မရှိပေ။ အပူချိန် တက်ခြင်း ကျခြင်းသည် နှစ်ပေါင်းများစွာ တစ်သမတ်တည်း ဖြစ်နေလျှင်မူ ပတ်ဝန်းကျင်ကို သိသာစွာ သက်ရောက်ပြောင်းလဲစေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀၀ ခန့်မှ စတင်ခဲ့ကာ လွန်ခဲ့သည့် ၈၀၀၀၀ နှစ်ပေါင်း အချိန်တွင် အထွတ်အထိပ် ရောက်ခဲ့သော ရေခဲခေတ်က ကမ္ဘာ့ပျမ်းမျှအပူခ်ျနိသည် ယခုထက် ၅ ဒီဂရီ စင်တီဂရိတ်မျှသာ လျော့နည်းခဲ့သည်။ သို့စင်လျက် ကမ္ဘာ့ကုန်းမြေဧရိယာ၏ သုံးပုံတစ်ပုံမျှ ရေခဲပြင်များ ဖုံးအုပ်နေခဲ့သည်။ ယခုဖြစ်ပေါ်နေသော အပူချိန်တက်မှုသည်လည်း နှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်ခဲ့၊ ယခုလည်း ဖြစ်ပေါ်ဆဲ နောင်လည်း ဆက်၍ တက်နေဦးမည်ဖြစ်၍ တက်သောပမာဏ နည်းစေကာမူ လူသားများအပါအ၀င် သက်ရှိများအတွက် အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေပင် ဖြစ်သည်။
မေးခွန်းများသို့
-
အတိတ်က လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ၊ အပူချိန်စသည့် ကမ္ဘာ့ရာသီဥတု မှတ်တမ်းများကို ပညာရှင်တို့ ဘယ်လိုလုပ်ပြီး သိသလဲ ?
-
အတိတ်က ကမ္ဘာ့လေထုတွင်း ပါဝင်တည်ရှိခဲ့သည့် ဓာတ်ငွေ့စသည်တို့သည် ထိုစဉ်က ရှင်သန်နေခဲ့သည့် သစ်ပင်များထဲတွင် ဓာတ်ပြုခိုအောင်းနေခဲ့ကြသည်။ ရှေးသစ်ပင်တို့၏ ရုပ်ကြွင်းများကို လေ့လာမှုမှ အတိတ်ရာသီဥတု အကြောင်းကို သိနိုင်သည်။ ထိုနည်းတူ ရှေးနှစ်ပေါင်းများစွာက လေထုထဲမှ ကျလာသော ဆီးနှင်းများတွင် လေပူဖောင်းများ ပါလာကာ ရေခဲပြင်များအောက်တွင် ယနေ့အထိ မပျက်မစီး တည်နေကြသေးသည်။ ယင်းလေပူဖောင်းများကို တူးဖော်လေ့လာချက်များမှ အတိတ်ရာသီဥတု အကြောင်းကို သိနိုင်သည်။ အလားတူပင် ရှေးကျောက်တုံးများ၊ သန္တာကျောက်တန်းများကလည်း ရှေးခေတ် ရာသီဥတုအကြောင်းကို တစ်စွန်းတစ်စ ဖော်ထုတ်ပေးသည်။
မေးခွန်းများသို့
-
ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှုကို ယခုထက် ပိုမတက်အောင် ထိန်းနိုင်လျှင်သော်မှ ကမ္ဘာ့အပူချိန် ဆက်တက်နေဦးမည် ဆိုတာက ဘာ့ကြောင့်လဲ ?
-
ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှုကို ဆက်မတက်အောင် ထိန်းလျှင်သော်မှ ကမ္ဘာ့အပူချိန်သည် နောင်လာမည့် နှစ် ၁၀၀ အတွင်း ၁ ဒီဂရီ ဖာရင်ဟိုက်(၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်)တက်မည်ဟု ဆိုသည်။ တက်လာနေသော အပူဓာတ်များ၏ အများစုသည် သမုဒ္ဒရာရေပြင်၏ အပေါ်လွှာများကို ပူနွေးစေသည်။ ပညာရှင်တို့ ယူဆသည်မှာ သမုဒ္ဒရာရေစီးကြောင်းများ၏ မွှေနှောက်မှုဗကြာင့် ရေပြင်အပေါ်လွှာရှိ အပူဓာတ်သည် အနက်ပိုင်းသို့တိုင် ရောက်ရှိ၍ ယင်းနေရာတွင် ခိုအောင်းတည်ရှိနေသည်။ အနက်ပိုင်းတွင် အပူတို့ ရောက်ရှိနေပြီးဖြစ်၍ လေထုအပူချိန် ကျလာသည့်တိုင်အောင်မှ အနက်ပိုင်းရေတို့၏ အပူကြောင့် အပေါ်ပိုင်းမှ ရေတို့သည် နွေးနေမည်။ ယင်းအနွေးဓာတ်သည် လေထုကိုပါ လိုက်နွေးစသေဖြင့် ကမ္ဘာ့အပူချိန် တက်နေမြဲ တက်နေဦးမည်။
မေးခွန်းများသို့
-
ရာသီဥတုပြောင်းလဲတာနဲ့ မုန်တိုင်းတိုက်တာ ဆက်စပ်သလား ?
-
ပူနွေးလာသော ရာသီဥတုက မုန်တိုင်းများကို မဖြစ်ပေါ်စေပါ၊ သို့သော် ဖြစ်ပေါ်ပြီးသည့် မုန်တိုင်းများကိုမူ ပိုမိုအာကောင်း ပြင်းထန်လာစေသည်။ အပူပိုင်းဒေသမုန်တိုင်းများသည် သမုဒ္ဒရာရေပြင်တွင် စတင်မွေးဖွားကြရာ ပူနွေးနေသော သမုဒ္ဒရာရေကြောင့် မုန်တိုင်းများ ပိုအားကောင်း၊ ဖျက်အား ပိုပြင်းလာကြကြောင်း လွန်ခဲ့သော ၃၅ နှစ်အတွင်း တိုင်းတာချက်များက ဖော်ပြသည်။
မေးခွန်းများသို့
-
အိုဇုန်းလွှာပေါက်ခြင်းနဲ့ ရာသီဥတုပြောင်းလဲမှု ဆက်စပ်သလား ?
-
အိုဇုန်းသည် လေထုအပေါ်လွှာတစ်ခု ဖြစ်သည့် စထရာတိုစဖီးယားလွှာတွင် ဖြစ်ပေါ်တည်ရှိပြီး အာကာသတွင်းမှ အန္တရာယ် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာပေါ် ကျမလာအောင် အကာအကွယ် ပေးသည်။ စက်မှုလုပ်ငန်းများနှင့် ဆေးဖျန်းကိရိယာများမှ ထွက်သည့် စီအက်ဖ်စီ(ကလိုရိုဖလူရိုကာဘွန်) တို့သည် တောင်ဝင်ရိုးစွန်းအရပ် စထရာတိုစဖီးယားလွှာသို့ ရောက်သောအခါ ယင်းအရပ်၏ အလွန်အေးသော အခြေအနေ၊ ထူးခြားသော လေတိုက်ခတ်မှုပုံစံ စသည်တို့ကြောင့် အိုဇုန်းဓာတ်များကို ဖျက်ဆီးကြသဖြင့် ယင်းနေရာဝန်းကျင်တွင် အိုဇုန်းလျော့နည်းသွားသည်ကို အိုဇုန်းလွှာပေါက်သည်ဟု ခေါ်ကြသည်။ အအေးဓာတ်နှင့် လေပြင်းတိုက်ခတ်မှုတို့ ပိုလာလျှင် အိုဇုန်းလွှာပေါက်မှု ပိုမိုပြင်းထန်ကျယ်ပြန့်လာနိုင်သည်။
စီအက်ဖ်စီနှင့် အိုဇုန်းကိုယ်တိုင်ပင်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ကြသော်လည်း ယင်းတို့ကြောင့် ကမ္ဘာ့အပူချိန်တက်လာမှုမှာ ကာဘွန်ဒိုင်အောက်ဆိုက် စသည်တို့နှင့် စာလျှင် မပြောပလောက်ချေ။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသည် အိုဇုန်းလွှာပေါက်မှုကြောင့် အဓိကမဟုတ်သကဲ့သို့ အိုဇုန်းလွှာပေါက်မှုသည်လည်း အဓိကအားဖြင့် ရာသီဥတုပြောင်းလဲ၍ မဟုတ်ဘဲ စီအက်ဖ်စီနှင့် တောင်ဝင်ရိုးစွန်းအရပ်၏ ရာသီဥတုအခြေအနေတို့ကြောင့် ဖြစ်သည်။
မေးခွန်းများသို့
-
ပြောင်းလဲနေတဲ့ရာသီဥတုနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်၊ ဘယ်လိုနေရမလဲ ?
-
ရာသီဥတုသည် ပြောင်းလဲနေပြီ ဖြစ်သော်လည်း ပြောင်းလဲမှု ပို၍ပြင်းထန်မလာ ဆိုးမလာအောင် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်မှုကို ထိန်းချုပ်လျှော့ချဖို့ ကြိုးစားကြရန် လိုအပ်သည်။ ကာဘွန်ဒိုင်အောက်ဆိုက်ကို မည်သည့် ပမာဏ၊ မည်မျှ မြန်မြန် လျှော့နိုင်မည်နည်း အပေါ်တွင် မူတည်သည်။ ကာဘွန်ဒိုင်အောက်ဆိုက်သည် ရုပ်ကြွင်းလောင်စာများမှ ထွက်ရာ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို လျှော့ချခြင်း၊ အခြားအစားထိုးလောင်စာများကို သုံးစွဲခြင်းတို့ကို လုပ်ရမည်။ ပင်လယ်ရေပြင်မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းမြေများ ရေလွှမ်းခံရခြင်း၊ တိုက်စားပျက်စီးခြင်းတို့ တဖြည်းဖြည်း များလာနိုင်၍ ကြိုတင်သိရှိ ကာကွယ်ထားဖို့ လိုသည်။ မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းများရှိ အဆောက်အအုံများကို ဆောက်လုပ်ရာတွင် လေဒဏ်ကို ထည့်သွင်း တွက်ချက်ရမည်။ မိုးပိုလာနိုင်သော ဒေသများတွင် ရေနုတ်မြောင်းများကို ချဲ့ထွင်ထားရမည်။ မိုးနည်းသွားနိုင်သည့် ဒေသများတွင် ရေကို ပိုမိုအကျိုးရှိစွာ သုံးစွဲနိုင်ရန် နည်းလမ်းရှာရမည်။
မေးခွန်းများသို့
-
သတင်းများတွင် မကြာခဏ တွေ့ရသည့် အိုင်ပီစီစီ ဆိုတာ ဘာလဲ ?
-
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ)(IPCC - Intergovernmental Panel on Climate Change)သည် လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို ဆန်းစစ်လေ့လာ ထုတ်ပြန်ပေးသည့် သိပ္ပံအဖွဲ့အစည်း ဖြစ်သည်။ အိုင်ပီစီစီကို ကမ္ဘာ့မိုးလေ၀သအဖွဲ့နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်တို့က ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ အဆိုပါ အဖွဲ့အစည်း ၂ ခုတွင် ပါဝင်သည့် နိုင်ငံများသည် အိုင်ပီစီစီ အဖွဲ့ဝင်များ ဖြစ်လာသည်။ ယင်းအဖွဲ့သည် သုတေသနလုပ်ငန်းများ၊ ရာသီဥတု တိုင်းတာခြင်းစသည်တို့ကို မလုပ်ဆောင်ဘဲ ပညာရှင် ၂၈၀၀ ခန့်ဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စုဆောင်း မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာများ ရေးသားခြင်းကို အဓိကလုပ်ဆောင်သည်။
ရာသီဥတုပြောင်းလဲရေးလုပ်ငန်းများ၌ ထူးချွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် အိုင်ပီစီစီသည် ၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂေါနှင့်အတူ ပူးတွဲရရှိခဲ့သည်။
မေးခွန်းများသို့
-
အိုင်ပီစီစီက ရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး ဘာတွေ ထုတ်ပြန်ထားသလဲ ?
-
အိုင်ပီစီစီက ၂၀၀၇ နှစ်ဦးပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာမှ အရေးကြီးသော အချက်များမှာ
- ရာသီဥတု ပိုမိုပူနွေးလာသည်မှာ သေချာသည်။ ၂၀ ရာစုအလယ်ပိုင်းမှ စ၍ ပူနွေးလာနေမှု၏ အများစုသည် လူတို့ကြောင့် ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ဖြစ်နိုင်ဖို့ အခွင့်အလမ်း အလွန်များသည်။
- ဖန်လုံအိမ်ဓာတ်ငွေ့ လက်ရှိနှုန်းအတိုင်း ဆက်တက်နေလျှင် ၂၀ ရာစုအတွင်းက ကြုံခဲ့ရသော ပူနွေးမှုနှင့် ရာသီပြောင်းလဲမှုထက် ၂၀ ရာစုအတွင်းတွင် ကြုံရမည့် ပူနွေးမှုနှင့် ရာသီပြောင်းလဲမှုက ပိုမိုရန် အလားအလာ အလွန်များသည်။
- ပူနွေးမှုကို အာတိတ်ဒေသနှင့် ကမ္ဘာ့ကုန်းမြေများတွင် အများဆုံး ခံစားရမည်။
- အပူလှိုင်းများနှင့် မိုးသည်းထန်မှုများကို ပို၍ ကြုံတွေ့ရန် အလားအလာ အလွန်များသည်။
မေးခွန်းများသို့
|
|
ထွက်ပြီ
ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။
ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here
စာမြည်းဖတ်ရှုလိုသော် Click here
|
|
|
|
|
|
|
|
|
|

Yahoo! News: Climate Change
|
|