ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် နိုင်ငံတကာ မူဝါဒရေးရာ ကြိုးပမ်းလုပ်ဆောင်ချက်များ
29-Dec-08

     “ရာသီဥတုပြောင်းလဲခြင်း” ဆိုသည့် ဝေါဟာရသည် “ပတ်ဝန်းကျင်ညစ်ညမ်းခြင်း”၊ “အိုဇုန်းလွှာ ပေါက်ခြင်း”၊ “ရာသီဥတုပြောင်းလဲခြင်း” ဆိုသည့် ဝေါဟာရသည် “ပတ်ဝန်း ကျင် ညစ်ညမ်းခြင်း”၊ “အိုဇုန်းလွှာ ပေါက်ခြင်း” စသည့် ဝေါဟာရများလောက် သာမန်ပြည်သူများအကြား၌ စိမ့်ဝင်ပြန့်နှံ့မှု မရှိသေးပေ။ သို့သော် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်သည် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ အိုဇုန်းလွှာပေါက်ခြင်းတို့ထက် အဆပေါင်းများစွာ ဆိုးရွားကျယ်ပြန့်သည်။ ဥပမာ ရေနံတင်သင်္ဘောတစ်စီး တိမ်းမှောက်၍ ရေနံယိုဖိတ်လျှင် ဖြစ်ပွားသည့်နေရာတစ်ဝိုက်တွင်သာ ရေထုညစ်ညမ်းသည်။ ယိုဖိတ်သော ရေနံပမာဏကို လိုက်၍ ညစ်ညမ်းသည့်နေရာ ကျယ်ချင်ကျယ်မည်။ အိုဇုန်းလွှာပေါက်၍ အန္တရာယ် ခရမ်းလွန်ရောင်ခြည်များ မြေပြင်သို့ ကျလာခြင်းမှာလည်း တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ဒုက္ခမပေးနိုင်ပေ။
    ရာသီဥတုပြောင်းလဲမှုမှာမူ တိုင်းပြည်အနည်းငယ်၊ တိုက်ကြီးနှစ်တိုက်သုံးတိုက်တွင်သာ ဖြစ်သည်မဟုတ်။ တစ်ကမ္ဘာလုံး ခြုံ၍ ပြောင်းလဲနေသည်။ လူများသာမက မြောက်ဝင်ရိုးစွန်းမှ ၀က်ဝံဖြူများ၊ တောင်ဝင်ရိုးစွန်းမှ ပင်ဂွင်းငှက်များ၊ အာဖရိကတိုက် တောင်တန်းများပေါ်မှ ဖားပြုပ်များ၊ သမုဒ္ဒရာရေပြင်အောက်မှ သန္တာကျောက်တန်းများပါမကျန် ရာသီဥတု ပြောင်းလဲမှု၏ ဒဏ်ကို အနည်းနှင့်အများ စတင်ခံစားနေကြရပြီ။ ယင်းသည် နှစ်အနည်းငယ်အတွင်း လျော့ပါး ပြီးပျောက်သွားမည် မဟုတ်ဘဲ နောင် သားစဉ်မြေးဆက်များ တိုင်အောင် သေချာပေါက် ကြုံတွေ့ကြရမည့် ပြဿနာဖြစ်သည်။
    ကမ္ဘာပူနွေးလာပြီဟူသောအသံ များစွာ မကျယ်လောင်လာမီက ၁၉၈၂ ခုနှစ် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ထိပ်သီး ညီလာခံလုပ်ကာ ကမ္ဘာ့ပတ်ဝန်းကျင်အရေးနှင့် ရာသီဥတုအရေးကို ဆွေးနွေခဲ့ကြသော်လည်း သဘောတူညီမှု မရခဲ့ပေ။ ယင်းညီလာခံအပြီး သုံးနှစ်အကြာ ၁၉၈၅ ခုနှစ်တွင် တောင်ဝင်ရိုးစွန်းအရပ်၏ အပေါ်လေထုလွှာတွင် အိုဇုန်းလွှာပေါက်ကာ ခရမ်းလွန်ရောင်ခြည်များ မြေပြင်အထိ ကျနေကြောင်း သိပ္ပံပညာရှင်တစ်စုက ခိုင်လုံစွာ တွေ့ရှိကြသည်။ ယင်းတွေ့ရှိချက်ကို အခြေခံ၍ အိုဇုန်းအန္တရာယ်ကို ပညာရှင်တို့က စနစ်တကျ ဆန်းစစ်တင်ပြသောအခါတွင်မူ ငြင်းချက် မထုတ်နိုင်ကြတော့ဘဲ အရေးတယူ လုပ်ဆောင်ကြရတော့သည်။ ရလဒ်အဖြစ် ကနေဒါနိုင်ငံ မွန်ထရီယယ်မြိဲု့တွင် ညီလာခံခေါ်ယူနိုင်ခဲ့ပြီး ယင်းညီလာခံမှ ထွက်ပေါ်လာသည့် “မွန်ထရီယယ်သဘောတူညီချက်”အရ အိုဇုန်းတို့ကို ဓာတ်ပြုဖျက်ဆီးသည့် စက်မှုလုပ်ငန်းများနှင့် အသုံးအဆောင်များမှ ကလိုရိုဖလူရိုကာဘွန်ဓာတ်ပေါင်းများ ထွက်ရှိမှုကို ထိန်းချုပ်လိုက်သည်။ ထိုအခါ အိုဇုန်းပေါက်သည့် ပြဿနာ လုံးဝပျောက်မသွားသော်လည်း ဆိုးဆိုးရွားရွား အခြေအနေသို့ မရောက်အောင် တားဆီးလိုက်နိုင်ကြသည်။

အိုင်ပီစီစီ
    ကမ္ဘာ့ကုလသမဂ္ဂသည် အိုဇုန်းပြဿနာ ကိုင်တွယ်ခဲ့ပုံကို နမူနာယူ၍ ရာသီဥတု ပြောင်းလဲမှု ပြဿနာကို ရင်ဆိုင်ရန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ် ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ)(IPCC - Intergovernmental Panel on Climate Change)ကို ဖွဲ့စည်းသည်။ အိုင်ပီစီစီသည် လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသော ရာသီဥတု ပြောင်းလဲမှု၏ အန္တရာယ်ကို ဆန်းစစ်လေ့လာသည့် သိပ္ပံအဖွဲ့အစည်း ဖြစ်သည်။ အိုင်ပီစီစီကို ကမ္ဘာ့မိုးလေ၀သအဖွဲ့နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်တို့က ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ အဆိုပါအဖွဲ့အစည်း ၂ ခုတွင် ပါဝင်သည့် နိုင်ငံများသည် အိုင်ပီစီစီ အဖွဲ့ဝင်များ ဖြစ်လာသည်။ ယင်းအဖွဲ့သည် သုတေသနလုပ်ငန်းများ၊ ရာသီဥတု တိုင်းတာမှတ်တမ်းတင်ခြင်း စသည်တို့ကို မလုပ်ဆောင်ဘဲ ပညာရှင် ၂၈၀၀ခန့် ဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စုဆောင်း မှတ်တမ်းတင်ခြင်း၊ ဆန်းစစ်ခြင်း၊ အစီရင်ခံစာများ ရေးသားခြင်းကို အဓိကလုပ်ဆောင်သည်။ အိုင်ပီစီစီ၏ လုပ်ဆောင်ချက်များမှာ တိကျခိုင်လုံလှသဖြင့် ရာသီဥတု ပြောင်းလဲမှုတွင် ယင်းအဖွဲ့၏ စာရင်းဇယားများကို တစ်ကမ္ဘာလုံးက ရယူကိုးကားနေကြရသည်။ ရာသီဥတု ပြောင်းလဲရေးလုပ်ငန်းများ၌ ထူးချွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် အိုင်ပီစီစီသည် ၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အမေရိကန် ဒုတိယ သမ္မတဟောင်းအယ်လ်ဂေါနှင့်အတူ ပူးတွဲရရှိခဲ့သည်အထိ အောင်မြင်သည်။

ဒုတိယ “မြေကမ္ဘာ ထိပ်သီးညီလာခံ”
    ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ပြန်သော အိုင်ပီစီစီ၏ ပထမအစီရင်ခံစာ၌ လူတို့၏ လုပ်ဆောင်ချက်များမှ ထွက်ပေါ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ သိသာစွာ တိုးတက်လျက်ရှိပြီး ကမ္ဘာကို ပိုမိုပူနွေးစေလျက် ရှိသည်ဟု ဖော်ပြထား သည်။ ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန် ချက်ချင်း အရေးယူ ဆောင်ရွက်ကြဖို့လိုကြောင်း ကြေငြာသည်။ ယင်းကြေငြာချက်ကို ၁၉၉၀ ပြည့်နှစ်တွင်ပင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် ကမ္ဘာ့ရာသီဥတု ညီလာခံက ထောက်ခံကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ သဘောတူညီမှု မူဘောင်ကို ရေးဆွဲရန် တိုက်တွန်းသည်။ အကျိုးဆက် အဖြစ် ၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံ ရီအိုဒီဂျနီရိုးတွင် ပြုလုပ်သော ဒုတိယ “မြေကမ္ဘာထိပ်သီးညီလာခံ”တွင် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ သဘောတူညီမှု မူဘောင်(United Nations Framework Convention on Climate Change)ကို ရေးဆွဲနိုင်ခဲ့သည်။ ယင်းညီလာခံသို့ တက်ရောက်သော နိုင်ငံ ၁၅၀ ကျော်တို့က လက်မှတ်ရေးထိုးသည့် သဘောတူညီချက် မူဘောင်၏ ရည်ရွယ်ချက်မှာ လူတို့၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတုစနစ်ကို အန္တရာယ်ရှိသည့် အဆင့်အထိ မရောက်အောင် လေထုတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ပမာဏကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ဖြစ်သည်။
    

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change