ဖန်လုံအိမ်ဓာတ်ငွေ့ အများရှိသည့်အနက် အဓိကမှာ ကာဘွန်ဒိုင်အောက်ဆိုက် ဖြစ်သည်။ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက် စသည်တို့သည်လည်း ဖန်လုံအိမ်ဓာတ်ငွေ့များစာရင်းတွင် ပါဝင်သည်။ သို့သော် ယင်းဓာတ်ငွေ့တို့သည် ကမ္ဘာကို ပူနွေးစေမှုတွင် ကာဘွန်ဒိုင်အောက်ဆိုက်လောက် အရာမရောက်ချေ။ ထို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ဟုပြောလျှင် ကာဘွန်ဒိုင်အောက်ဆိုက် အဓိကပါသည်ဟု နားလည်ကြရသကဲ့သို့ ကာဘွန်ဒိုင်အောက်ဆိုက်ဆိုလျှင် အခြားဖန်လုံအိမ်ဓာတ်ငွေ့များကိုပါ ယေဘုယျအားဖြင့် ထည့်သွင်းရည်ညွှန်းကြသည်။
အဓိက ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သည့် ကာဘွန်ဒိုင်အောက်ဆိုက်သည် လေထုတွင်း ၀င်လိုက် ထွက်လိုက်ဖြင့် သံသရာ လည်နေသည်။ အပင်နှင့် သတ္တ၀ါများ သေဆုံး ပုပ်သိုးခြင်း၊ သတ္တ၀ါတို့ အသက်ရှူထုတ်ခြင်း၊ ရေပြင်မှ အငွေ့ပျံခြင်း၊ မီးတောင်ပေါက်မှု စသည်တို့မှ တစ်ဆင့် ကာဘွန်ဒိုင်အောက်ဆိုက်များ လေထုတွင်းသို့ ရောက်လာသည်။ ကုန်းမြေပေါ်ရှိ အပင်များနှင့် သမုဒ္ဒရာရေပြင်ရှိ အလွန်သေးငယ်သော ဖိုင်တိုပလန်တွန်ခေါ် အပင်ငယ်များက မိမိတို့လိုအပ်သော အစာကို ချက်လုပ်ရန် လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကြသည်။ သမုဒ္ဒရာရေထုသည်လည်း ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်သည်။
ပုံမှန်အခြေအနေတွင် လေထုတွင်း ၀င်လာသော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏနှင့် ထွက်သွားသော ပမာဏတို့ ညီမျှသည်။ သို့သော် ရံခါတွင် အမျိုးမျိုးသော သဘာဝ အကြောင်းများကြောင့် ညီမျှခြေပျက်ကာ လေထုတွင်း ကာဘွန်ဒိုင် အောက်ဆိုက်ပမာဏသည် အလွန်အမင်း နည်းသွားလိုက်၊ ရံခါတွင် မတန်တဆ များလာလိုက် စသည့် အဖြစ်မျိုး ကမ္ဘာမြေ၏ သမိုင်းတစ်လျှောက်တွင် အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀ ခန့် ကမ္ဘာ့နောက်ဆုံးရေခဲခေတ် ကုန်ဆုံးချိန်မှ စ၍ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တဖြည်းဖြည်းမြင့်တက်လာကာ ကမ္ဘာ့အပူချိန်လည်း တက်လာခဲ့သည်။ ထို့နောက် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၈၀ ပီပီအမ် (လေထုအပုံတစ်သန်းတွင် ကာဘွန်ဒိုင်အောက်ဆိုက် အပုံ ၂၈၀)တွင် ၁၈ ရာစုအကုန်ခန့်အထိ တညီတည်း နီးပါး တည်ရှိခဲ့သည်။
ယင်းအချိန်အထိ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်အ၀င်အထွက် ညီမျှကာ လေထုအပူချိန်သည် သက်ရှိတို့ အတွက် အလောတော်ဖြစ်နေခဲ့ရာမှ ညီမျှခြေ ပျက်ယွင်းမည့် အခြေအနေတစ်ခု လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က စတင်ခဲ့သည်။ ယင်းအချိန်မှစ၍ ကမ္ဘာတွင် စက်မှုလုပ်ငန်းများ တဟုန်ထိုး စတင်ပေါ်ပေါက်လာသည်။ စက်များကို လည်ပတ်မောင်းနှင်ရန် ရုပ်ကြွင်းလောင်စာများကို အသုံးပြုရာမှ ယင်းလောင်စာများထဲရှိ ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် လေထဲရောက်လာသည်။ သစ်တောခုတ်လှဲမီးရှို့ခြင်း စသည့် လူတို့၏ လုပ်ဆောင်မှုများကလည်း လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏကို ဆထက်တံပိုး တိုးမြှင့်ပေးသည်။
စက်မှုတော်လှန်ရေးခေတ် မတိုင်မီက ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၂၈၀ ပီပီအမ် ရှိခဲ့ရာ ယခုအခါ ၃၈၀ ပီပီအမ်နီးနီး ရှိနေသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့က ၂၀၀၁ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ယနေ့လေထုထဲ၌ ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မှုသည် နှစ်ပေါင်း ၆၅၀၀၀၀ အတွင်း အမြင့်ဆုံး ဖြစ်သည်ဟု ဖော်ပြထားသည်။
ယခုနှုန်းအတိုင်း တက်နေလျှင် ကာဘွန်ဒိုင်အောက် ဆိုက်ပမာဏသည် ၂၁၀၀ ပြည့်နှစ် နောက်အကျဆုံး သို့မဟုတ် ၂၀၄၅ ခုနှစ် အစောဆုံး ပီပီအမ် ၅၀၀ အမှတ်ကို ကျော်တော့မည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာကို ပူနွေးစေရာ၌ ကာဘွန်ဒိုင်အောက်ဆိုက်ပြီးလျှင် မီသိန်းက ဒုတိယ လိုက်သည်။ လေ့လာချက်များက လက်ရှိ လေထုတွင်း မီသိန်းပမာဏသည် နှစ်ပေါင်း ၄၀၀၀၀၀ ခန့်အတွင်း အမြင့်မားဆုံးဖြစ်ကြောင်း ပြဆိုသည်။ လွန်ခဲ့သော နှစ် ၂၀၀ ခန့်က လေထုတွင်း၌ မီသိန်း ၇၀၀ ပီပီဘီ(လေထုအပုံ သန်းတစ်ထောင်တွင် မီသိန်း အပုံ ၇၅၀) (ppb- parts per billion) ရှိခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ၁၇၅၀ ပီပီဘီအထိ ရှိလာသည်။ အာတိတ်စဉ်ခဲဒေသ၏ မြေလွှာများထဲတွင် ရှိနေသော မီသိန်းပမာဏသည် လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏထက်များရာ မြေလွှာများ အရည်ပျော်မှုကြောင့် တန်ချိန် သန်းပေါင်းများစွာ ရှိသည့် မီသိန်းဓာတ်ငွေ့များ မြေအောက်မှ ထွက်ပေါ်နေကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာလက တွေ့ရှိလိုက်ကြသည်။
အခြားဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုး ဖြစ်သည့် နိုက်ထရပ်စ်အောက်ဆိုက်သည် ရုပ်ကြွင်းလောင်စာ လောင်မြှိုက်ခြင်း၊ ဓာတ်မြေသြဇာသုံးစွဲခြင်း၊ ရေဆိုးသန့်စင်ခြင်း စသည်တို့မှ လေထဲရောက်သည်။ နိုက်ထရပ်စ်အောက်ဆိုက်သည် ကာဘွန်ဒိုင်အောက်ဆိုက်ထက် ကမ္ဘာကို ပူနွေးစေမှုတွင် အဆ ၂၀၀ မှ ၃၀၀ အထိပိုသည်။ စက်မှုတော်လှန်ရေးခေတ် နောက်ပိုင်းတွင် လေထုတွင်းရောက် နိုက်ထရပ်စ်အောက်ဆိုက် ပမာဏတိုးလာသော်လည်း ယင်း၏ ပမာဏသည် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနှင့်စာလျှင် ၁၀၀၀ ပုံ ၁ ပုံသာရှိ၍ များစွာ အရေးမပါလှချေ။
|
|
|
|