|
ကမ္ဘာ့ရာသီဥတုတည်းဟူသော အင်ဂျင်စက်ကြီးကို အဓိကမောင်းနှင်နေသည့် စွမ်းအင်ဖြစ်သည့် နေရောင်ခြည်ကို လေထုနှင့်ရေထုက စုပ်ယူသကဲ့သို့ မြေထုကလည်း စုပ်ယူသည်။ လေထု၊ ရေထုနှင့် မြေထုတို့ ရွေ့လျားလျှင် အပူဓာတ်ကိန်းရာ ရွေ့လျားသည့်အတွက် ရာသီဥတုလည်း လိုက်၍ပြောင်းလဲသည်။ လေထု၊ ရေထုတို့ ရွေ့လျားမှုကို ထင်ရှားစွာ သိနိုင် မြင်နိုင်ကြသော်လည်း မြေထု၏ရွေ့လျားမှုကို သိရန် မလွယ်လှချေ။ သို့သော် ကမ္ဘာ့တိုက်ကြီးများသည် လူ့လက်သည်းခွံ ရှည်ထွက်သည့် နှုန်းဖြင့် ရှေးက ရွေ့လျားခဲ့၊ ယခုလည်း ရွေ့ဆဲဖြစ်သည်။ နောင်တွင်လည်း ရွေ့နေကြဦးမည်။ ယခုအခါ အာရှတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက် စသည်ဖြင့် ကွဲထွက်တည်ရှိနေသော်လည်း ကမ္ဘာ့ကုန်းမြေများ အားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်း သန်း ၂၂၅ ခန့်အချိန်အထိ တိုက်ကြီး ၁ ခုတည်း အဖြစ်ဖြင့် တစ်စုတစ်စည်းတည်း ရှိခဲ့သည်။ ကုန်းမြေအများစုသည် အီကွေတာဝန်းကျင်တွင် ရှိနေခဲ့စဉ်အခါ နေရောင်ခြည်ကို စုပ်ယူမှု များပြားသဖြင့် ရာသီဥတုလည်း ပိုပူသည်။ ဥပမာ လွန်ခဲ့သော နှစ် သန်းပေါင်း ၁၀၀ ခန့်က ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ယခုထက် ၁၀ ဒီဂရီ စင်တီဂရိတ်မျှ ပိုခဲ့သည်။ ယင်းနောက်ပိုင်းတွင် အန္တာတိကတိုက်သည် တောင်ဝင်ရိုးစွန်းအရပ်တွင် ကျန်နေခဲ့ကာ အခြားတိုက်များသည် မြောက်ဖက်သို့ ရွေ့လျားကြသဖြင့် မြေထု၏ အပူဓာတ်သိုမှီးမှု၊ လေထုနှင့်ရေထု စီးဆင်းမှုများ ပြောင်းလဲကာ ကမ္ဘာသည် လက်ရှိအခြေအနေအထိ အပူချိန်ကျဆင်းခဲ့သည်။
|
|
|
|