ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချရေးတွင် ဦးဆောင်နေသူ နိုင်ငံများနှင့် မြို့များ
20-Dec-08

     ကမ္ဘာကြီး ပူနွေးလာမှု၏ အန္တရာယ်ကို မသိကျိုးကျွန် ပြုနေသေးသည့် နိုင်ငံများ ရှိသကဲ့သို့ တတ်နိုင်သမျှ တန်ပြန်ရန် ကြိုးစားနေကြသော နိုင်ငံများလည်း ရှိသည်။ ပူနွေးလာမှုကို အရေးမကြီးသယောင် ပြုနေကြသူများမှာ အမေရိကန်ကဲ့သို့ သော အင်အားကြီးနိုင်ငံများ ပါသကဲ့သို့ တရုတ်၊ အိန္ဒိယကဲ့သို့ တတိယနိုင်ငံများလည်း ပါသည်။ ပူနွေးလာမှုကို လျှော့ချနိုင်ရန် စက်မှုလုပ်ငန်းနှင့် ကားများမှ ထွက်သည့် ကာဘွန်ဒိုင် အောက်ဆိုက်စသည့် ဓာတ်ငွေ့များကို လျှော့ချရမည်။ လောလောဆယ် နည်းပညာအရ စက်မှုလုပ်ငန်းများမှ ယင်းဓာတ်ငွေ့များကို သိသာစွာလျှော့ရန် မဖြစ်နိုင်သေး၍ စက်မှုလုပ်ငန်းများ လည်ပတ်မှုကို အရှိန်လျှော့မှသာ ဓာတ်ငွေ့အထွက်လျော့မည်။ လုပ်ငန်းလျှော့လျှင် စီးပွားရေးကျဆင်းမည်။ ထိုသို့ အဖြစ်မခံလို၍ စက်မှုနိုင်ငံကြီးအချို့သည် ပူနွေးလာမှု တန်ပြန်ရေးကို သူတို့၏ ဦးစားပေး အစီအစဉ်အဖြစ် ထည့်သွင်းမထားချေ။
    တရုတ်၊ အိန္ဒိယစသည့် တတိယနိုင်ငံများသည်လည်း မိမိတို့၏ ဖွံ့ဖြိုးမှုကို စတေး၍ စက်မှုလုပ်ငန်းမှ ထွက်သော ဓာတ်ငွေ့များကို လျှော့ချရန် မစဉ်းစားကြသေးပေ။ ယင်းတို့သည် ကျောက်မီးသွေးကဲ့သို့သော ဈေးသက်သာသော်လည်း ကာဘွန်ဒိုင်အောက်ဆိုက် အများအပြားထွက်သည့် မိမိတို့နိုင်ငံတွင် ပေါများစွာရနိုင်သည့် လောင်စာများကို အထူးသဖြင့် မှီခိုနေရခြင်းက ပူနွေးလာနေမှုကို ကူ၍ မီးတိုက်ပေးသကဲ့သို့ ဖြစ်နေသည်။
    ယင်းအခြေအနေတွင် ဥရောပနိုင်ငံ အများအပြားသည် ကာဘွန်ဒိုင်အောက်ဆိုက်အပါအ၀င် ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချရန် မိမိတို့ တစ်ပိုင်တစ်နိုင် ကြိုးပမ်းလျက် ရှိကြသည်မှာ အားရဖွယ်ဖြစ်သည်။ ဥရောပနိုင်ငံများသည် ရေနံကဲ့သို့ သုံးစွဲ၍ ကုန်ခန်းသွားသော စွမ်းအင်များကို လျှော့ချ၍ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်စသည့် ပြန်ပြည့်စွမ်းအင်များကို အစားထိုးရာ၌ ဦးဆောင်လျက်ရှိသည်။
    လန်ဒန်တွင် ကားကြပ်သိပ်မှုကို လျှော့ချရန် မြို့လယ်သို့ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း မြို့လယ်သို့ဝင်သော ကားများကို ၁ စီးလျှင် ၈ ပေါင် ကောက်ခံသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် မြို့နေလူထုကို ကားစီးမည့်အစား စက်ဘီးဖြင့် မြို့ထဲတွင် သွားလာကြရန် အားပေးသည့် အနေဖြင့် စက်ဘီး အငှားဆိုင်များဖွင့်သည်။ မြို့အနှံ့ အငှားဆိုင် ၇၅၀ တွင် စက်ဘီး ၁၀၀၀၀ ခန့် ထားရှိသည်။ စီးလိုသူများသည် ရက်သတ္တ ၁ ပတ်အတွင်း ကြိုက်သလောက်စီး အမေရိကန် ဒေါ်လာ ၇ ဒေါ်လာသာ ကျသင့်သည်။ အငှားဆိုင် ၁ ခုမှ စက်ဘီးကို ငှားစီးသွားပြီး မိမိသွားလိုရာ ရောက်လျှင် နီးရာအငှားဆိုင်တွင် စက်ဘီးကို ပြန်အပ်ခဲ့ရုံသာ ဖြစ်သည်။ ယင်းအစီအစဉ်ကို လူကြိုက်များလှသဖြင့် ယခုအခါ ပါရီတွင် ကမ္ဘာလှည့်ခရီးသည်များရော လုပ်ငန်းရှင်များပါ စက်ဘီးစီး၍ သွားလာနေကြသည့် မြင်ကွင်း အများအပြားကို တွေ့ရသည်။ ၁ နှစ်လျှင် နေရောင် ထွန်းလင်းချိန် နာရီ ၂၈၀၀၀ မျှ ရှိသည့် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် အသစ်ဆောက်သည့် အဆောက်အအုံများ၊ ပြန်လည်မွမ်းမံသည့်အဆောက်အအုံများ၌ နေရောင်စွမ်းအင် မသုံးမနေရ ဥပဒေပြဌာန်း၍ လုပ်ဆောင်ရာ အောင်မြင်နေသည်။ စတော့ဟုမ်း၊ ကိုပင်ဟေဂင်တို့တွင် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး ရည်မှန်းချက်ထားရှိရာ ကျန်ဥရောပမြို့ကြီး ၃၀ တို့တွင်လည်း ထိုသို့လုပ်ဆောင်ရန် တိုက်တွန်းနေကြသည်။
    လန်ဒန်၊ ပါရီ၊ ဘာစီလိုနာကဲ့သို့သော မြို့ကြီးများ၏ ဆောင်ရွက်ချက်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ဝင်စားသူတို့က ကြိုဆိုကြသည်။ ယင်းမြို့ကြီးများ၏ လုပ်ဆောင်မှုကို ကျော်လွန်၍ ပညာရှင်တိုင်းက ချီးမွမ်းဂုဏ်ပြုရသည့် မြို့ငယ်ကလေးတစ်မြို့ ရှိသည်။ ယင်းမှာ ဆွီဒင်နိုင်ငံ တောင်ပိုင်းရှိ ဗက်ရှူး(Vaxjo)မြို့ ဖြစ်သည်။
    ကုမ္ပဏီပေါင်း ၇၀၀၀ ကျော်နှင့် စက်မှုလုပ်ငန်း ကြီးငယ်များရှိသော်လည်း အေးဆေးငြိမ်သက်လှသော ဗက်ရှူးမြို့ ကလေးတွင် ရုပ်ကြွင်းလောင်စာများကို သုံးစွဲမှုလျှော့ချရန် ၁၉၉၆ ခုနှစ်တွင် ဆုံးဖြတ်ခဲ့စဉ်က မြို့သူမြို့သားတို့သည် ယင်းစီမံချက်အပေါ် သံသယကြီးစွာ ရှိခဲ့သည်။ သို့သော် မြို့ အာဏာပိုင်များ၏ ကြိုးစားဆောင်ရွက်ချက်များကြောင့် ယခုအခါတွင် ဗက်ရှူးမြို့၏ ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချရေးသည် စံပြုလေ့လာစရာအဖြစ်သို့ ရောက်ရှိနေသည်။ လူဦးရေ ၇၈၀၀၀ သာရှိသည့် ဗက်ရှူးသည် ကမ္ဘာကြီးပူနွေးလာမှုကို တန်ပြန်ရန် ကြိုးပမ်းနေသည့် ဥရောပမြို့ကြီးများထဲတွင် ရှေ့ဆောင်နိုင်သည့်မြို့ဟု လူသိများလာသည်။ လေ့လာရန် ရပ်ဝေးမှ လေ့လာသူ အမြောက်အများ ရောက်လာကြသည်။ ဧည့်သည်များထဲတွင် အမေရိကန်နိုင်ငံသားများအပြင် မြောက်ကိုးရီးယားလူမျိုးများပင် ပါဝင်သည်။
    ဗက်ရှူးတွင် ကာဘွန်ဒိုင်အောက်ဆိုက်လျှော့ချမှုများကို အပူပေးစနစ်နှင့် ဓာတ်အားထုတ်စက်ရုံများတွင် ဆောင်ရွက်ထားသည်။ ယင်းနေရာတို့တွင် ရေနံကို လောင်စာအဖြစ် သုံးမည့်အစား မြို့ရှိ သစ်ခွဲစက်များမှ ထွက်သော သစ်သားအတိုအစများကို လောင်မြိုက်သည်။ ထွက်လာသော ပြာများကို သစ်တောများအတွက် မြေသြဇာအဖြစ် ပြန်လည်အသုံးပြုသည်။ ဓာတ်အားထုတ်စက်များကို အအေးခံရန် သုံးခဲ့သော ရေကို ရုံးနှင့်အိမ်များကို အနွေးဓာတ်ပေးရာ၌ အသုံးချသည်။ အပူပေးစနစ်သုံးလောင်စာများ၏ ၉၀ ရာခိုင်နှုန်းသည် ပြန်ပြည့်လောင်စာများ ဖြစ်သည်။ ဓာတ်ငွေ့ထုတ်မှု အများစုမှာ ကား၊ ရထားစသည့် ပို့ဆောင်ရေးယာဉ်များမှ ဖြစ်ရာ ဆီစား သက်သာသော ယာဉ်များကို သုံးစွဲခြင်း၊ ဇီဝလောင်စာများကို အတတ်နိုင်ဆုံး သုံးစွဲခြင်းတို့ကြောင့် ယင်းယာဉ်များမှ ဓာတ်ငွေ့ထုတ်မှု လျော့ကျနေသည်။
    ထိုသို့ ဆောင်ရွက်ချက်များကြောင့် ၁၉၉၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်ကြားတွင် ဗက်ရှူးတွင် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှု ၃၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ ရုပ်ကြွင်းလောင်စာ လုံးဝမသုံးစွဲသော နေရာဖြစ်ရန် အလှမ်းကွာသေးသော်လည်း ၁၉၉၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၀ ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် ၂၀၂၅ ပြည့်နှစ်တွင် ၇၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းလုပ်ဆောင်နေသည်။
    ဗက်ရှူးသည် ဥရောပသမဂ္ဂမှ ပေးအပ်သော ဥရောပ ရေရှည်ခံစွမ်းအင်ဆု (Sustainable Energy Europe) ကို ဦးဦးဖျားဖျား ရရှိသည်။ ထို့အပြင် ၂၀၀၇ ခုနှစ်အတွက် ဘောလ်တစ်ဒေသ၏ အကောင်းဆုံး ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်နိုင်ဆုကိုလည်း ရရှိသည်။
    ဗက်ရှူး၏ ဦးဆောင်မှုကို ကမ္ဘာ့မြို့တိုင်းက အတုယူ၍ လုပ်ဆောင်ကြပါက ကမ္ဘာကြီး ပူနွေးလာမှုကို အတန်အသင့် လျော့ပါးအောင် လုပ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change