ပူနွေးကမ္ဘာတွင် မကြာခဏ ကြားလာရသည့် ရေကြီးမှု အန္တရာယ်နှင့် ဆက်နွယ်နေသော အခြားပြဿနာတစ်ခုမှာ ပင်လယ်သမုဒ္ဒရာ ရေပြင်မြင့်တက်လာမှု ဖြစ်သည်။ ပင်လယ် သမုဒ္ဒရာရေပြင်သည် ကမ္ဘာ့မျက်နှာပြင် ဧရိယာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဖုံးအုပ်ထားပြီး ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ခန့်သည် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသဖြင့် ''ပင်လယ်ရေပြင် မြင့်တက်လာလျှင်'' ဟူသော စိုးရိမ်မှုသည် ယခင်ကတည်းကပင် ရှိနေခဲ့သည်။ ယခု ကမ္ဘာ့အပူချိန် တက်လာသောအခါ ယင်းစိုးရိမ်မှုသည် အချို့နေရာများတွင် နဖူးတွေ့ ဒူးတွေ့ စတင်ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်လာသည်။
ပင်လယ်ရေပြင်ကို မြင့်လာစေနိုင်သည့် အဓိက အကြောင်းရင်း ၂ ချက် ရှိသည်။ ရေသည် ပူလျှင် ပွလာသည့် သဘောရှိရာ ပူနွေးရာသီဥတုကြောင့် ရေထုပွယောင်းလာခြင်းနှင့် ၀င်ရိုးစွန်းအရပ်များရှိ ရေခဲပြင်များ အရည်ပျော်ကာ ပင်လယ် သမုဒ္ဒရာများထဲ စီးဝင်ရောက်ရှိလာခြင်းတို့ ဖြစ်ကြ သည်။
ကမ္ဘာ့ရာသီဥတုနှင့် ပင်လယ်ရေပြင် အတက်အကျ ဆက်စပ်မှုရှိပုံကို လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀ ခန့်က အခြေအနေကို ပြန်ပြောင်းလေ့လာချက်များအရ ထင်ရှားစွာ သိရှိနိုင်သည်။ ယင်းအချိန်က ကမ္ဘာတွင် ရေခဲခေတ်ဟု ခေါ်ရလောက်အောင် အအေးပိုခဲ့ရာ ကမ္ဘာပေါ်ရှိ ရေအများစုသည် ပင်လယ် သမုဒ္ဒရာများတွင်းသို့ စီးဝင်မှု နည်းပါးကာ မြောက်အမေရိက၊ ဥရောပနှင့် အာရှတိုက် ရေခဲပြင်များထဲတွင် ရောက်နေခဲ့သဖြင့် အချို့နေရာများတွင် ပင်လယ်ရေပြင်သည် ယခုထက် ပေ ၄၀၀ ခန့် နိမ့်နေခဲ့သည်။ ဥရောပတိုက် မြောက်ပင်လယ်နှင့် ဘောလ်တစ်ပင်လယ်တို့တွင် ရေများ ခန်းခြောက်နေခဲ့သည်။ မြောက် အမေရိကနှင့် အာရှကြား ဘယ်ရင်ရေလက်ကြားတွင်လည်း ရေများမရှိ၍ အရှမှလူများ ကုန်းလမ်းဖြင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု အချို့က ဆိုသည်။
ထို့နောက် ရာသီဥတု ပြန်လည်ပူနွေးကာ ရေခဲခေတ် ကုန်ဆုံးသဖြင့် ရေခဲပြင်များ အရည်ပျော်ကာ လွန်ခဲ့သည့် နှစ် ၆၀၀၀ ခန့်မှ စ၍ ပင်လယ်ရေပြင် ပြန်လည်မြင့်တက်လာရာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀၀ ခန့် တွင် လက်ရှိအနေအထားသို့ ရောက်ခဲ့သည်။
ယနေ့ကမ္ဘာတွင် ရေခဲပြင် ထုထည်အများဆုံးသည် ကမ္ဘာ့မြောက်ခြမ်း ဂရင်းလန်းကျွန်းနှင့် တောင်ခြမ်း အန္တာတိက တိုက်တို့တွင် ရှိနေသည်။ ဂရင်းလန်းကျွန်းပေါ်ရှိ ရေခဲပြင်သည် ထုထည်အားဖြင့် ကုဗကီလိုမီတာ ၃ သန်း(၁ ကုဗကီလိုမီတာ = ၀ ဒသမ ၂၄ ကုဗမိုင်)မျှ ရှိသည်။ ကမ္ဘာ့တောင်ဘက် အန္တာတိကတိုက်ရှိ ရေခဲပြင်သည် ဂရင်းလန်း ရေခဲပြင်ထက် ၁၀ ဆခန့် ပိုကြီး၍ ထုထည်အားဖြင့် ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ လေ့လာချက်တစ်ခုအရ ဂရင်းလန်း ရေခဲပြင်များသည် ၁ နှစ်လျှင် ၂၀၀ ကုဗကီလိုမီတာ(၄၈ ကုဗမိုင်)မျှ အရည်ပျော်နေသည်။ အန္တာတိကရေခဲပြင်အချို့သည်လည်း နွေးသော ရာသီဥတုကြောင့် အရည်ပျော်ပဲ့ထွက်ကာ ပင်လယ်ထဲ ကျလျက်ရှိသည်။ အကယ်၍သာ ယင်းနှစ်နေရာလုံးမှ ရေခဲများ လုံးဝအရည်ပျော်ပါက ပင်လယ်ရေပြင်သည် မီတာ ၈၀ ခန့် မြင့်လာမည်။
တကယ့်လက်တွေ့တွင် ထိုမျှ ဆိုးဝါးစွာ ဖြစ်ရန် မရှိသေးသော်လည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို တရားဝင် ဆန်းစစ် ထုတ်ပြန်ပေးနေသည့် ''ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ အစိုးရများကြား ဆက်သွယ် ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ) (IPCC - Intergovernmental Panel on Climate Change)က ၁၉၉၃ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်ကြား ၁၀ နှစ်အတွင်းတွင် ပင်လယ်ရေပြင်သည် ၁ နှစ်လျှင် ၃ မီလီမီတာ တက်လာသည်ဟု တွက်ချက် ကြေငြာခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ က ပင်လယ်ရေပြင်နှင့် နှိုင်းယှဉ်လေ့လာလျှင် ၁၀ စင်တီမီတာမှ ၂၅ စင်တီမီတာခန့် တက်လာသည်။ အိုင်ပီစီစီက လာမည့်နှစ် ၁၀၀ အတွင်း ပင်လယ်ရေပြင်သည် အများဆုံး ၆၀ စင်တီမီတာအထိ တက်နိုင်သည်ဟု ခန့်မှန်းထားသည်။ (၁ ပေ = ၃၀၅ မီလီမီတာ = ၃၀ ဒသမ ၅ စင်တီမီတာ)
အမေရိကန် ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ၏ ခန့်မှန်းချက်အရ ပင်လယ်ရေပြင် အမြင့် ၁ ပေတက်လာ လျှင် ပေ ၂၀၀ ခန့် ရှေ့တိုး၍ ကုန်းတွင်းသို့ဝင်မည်။ အိုင်ပီစီစီ က ၂၀၈၀ ပြည့်နှစ်တွင် ကမ္ဘာ့ကမ်းရိုးတန်း စိုစွတ်သော ရွှံ့ညွန်ဒေသများ၏ ၃၃ ရာခိုင်နှုန်း ရေအောက်ရောက်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
အမေရိကန်အပါအ၀င် နိုင်ငံ ၃၀ တို့ဖြင့် ဖွဲ့စည်းထားသော စီးပွားရေးပူပေါင်းမှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့က ပင်လယ် ရေလွှမ်းမိုးမှုခံရရန် အန္တရာယ်အကြီးဆုံး မြို့ကြီး ၁၀ မြို့ကို ထုတ်ပြန်ထားသည်။ ယင်းတို့မှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းနှင့် ကိုးလ်ကာတာ၊ တရုတ်နိုင်ငံ ကွမ်ကျိုးနှင့် ရှန်ဟိုင်း၊ အမေရိကန် နယူယောက်၊ မီယာမီနှင့် နယူအော်လင်း၊ ဗီယက်နမ် ဟိုချီမင်း၊ ဂျပန် အိုဆာကာ၊ အီဂျစ် အလက်ဇန္ဒရီးယားတို့ ဖြစ်ကြသည်။ ကမ်းရိုးတန်းဒေသများတွင် လူဦးရေ ထူထပ်စွာ နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ တရုတ်၊ အီဂျစ်စသည်နိုင်ငံများအတွက် အန္တရာယ်များသကဲ့သို့ အနိမ့်ပိုင်းကျွန်းနိုင်ငံများ ဖြစ်ကြသည့် အိန္ဒိယသမုဒ္ဒရာတွင်းမှ မော်လ်ဒိုက်နှင့် မာရှယ်ကျွန်းစုများ၊ ပစိဖိတ်သမုဒ္ဒရာတွင်းမှ တူဗာလူတို့သည် နှစ် ၁၀၀ အတွင်း ရေအောက်မြုပ်သွားနိုင်သည်။
ရေတက်မှု၏ ဆိုးကျိုးကို အထူးသဖြင့် ဆင်းရဲသော နိုင်ငံများ ပိုခံကြရမည်။ ယင်းဒေသများတွင် တက်လာသည့်ရေကို ကာကွယ်ရေး အစီအမံများ တည်ဆောက်ရန် ဓနအင်အား ချို့ငဲ့သည်။ ယင်းဒေသသားတို့ မှီခိုအားထားနေရသည့် သောက်သုံးရေအရင်းအမြစ်များသည် ရေလွှမ်းမိုးမှုကြောင့် ညစ်ညမ်းပြီး သောက်မရ သုံးမရ စိုက်ပျိုးမရ ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။
ယင်းဖြစ်ရပ်များ လျော့ပါးစေရန် ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ စသည်တို့ကို မပျက်စီးစေရန် ထိန်းသိမ်းဖို့ လွန်စွာအရေးကြီးသော အချိန်သို့ ရောက်လာပြီ။ လူတို့အတွက် နေထိုင်ရန် အိုးအိမ်များ ဆောက်လုပ်ရန် စဉ်းစားသည့် အခါ ရေတက်လာမှု အန္တရာယ်ကိုပါ ထည့်သွင်းတွက်ချက်ရတော့မည်။ ထို့ပြင် ပင်လယ်ရေတက်မှု၏ အဓိကအကြောင်းမှာ ပူနွေးလာသော ရာသီဥတုကြောင့် ဖြစ်ရာ ယင်းပြဿနာကို ဖြေရှင်းရင်ဆိုင်ရန်မှာ လူသားတိုင်း၏တာဝန်ပင် ဖြစ်တော့သည်။
|
|
|
|