ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု
27-Sep-08

     ကမ္ဘာ၏ တောင်နှင့် မြောက်ဝင်ရိုးစွန်းတို့ကို စိတ်ကူးဖြင့် မျဉ်းသားဆက်သွယ်ကြည့်လျှင် ပေါ်လာသော မျဉ်းကြောင်းသည် ကမ္ဘာ့ဝင်ရိုး ဖြစ်သည်။ တစ်ဖန် ကမ္ဘာက နေကို ပတ်နေသော လမ်းကြောင်းအ၀န်းအ၀ိုင်းကို ပြင်ညီတစ်ခုအနေနှင့် ပုံဖော်ကြည့်လျှင် ကမ္ဘာ့ဝင်ရိုးသည် ယင်းပြင်ညီကို မတ်မတ်ကျမနေဘဲ တိမ်းစောင်းနေသည်ကို တွေ့ရမည်။ အကယ်၍ ကမ္ဘာ့ဝင်ရိုးသည် ကမ္ဘာက နေကို ပတ်နေသော ပြင်ညီကို မတ်မတ်ကျနေပါက ကမ္ဘာ့ဒေသများ၏ ရာသီဥတုသည် နွေ မိုး ဆောင်း ဟူ၍ ပြောင်းလဲမည် မဟုတ်ချေ။ အီကွေတာ တစ်ဝိုက်အပေါ် အမြဲတမ်း နေရောင်တည့်တည့် ကျရောက်၍ ယင်းဒေသသည် အစဉ်ပူပြင်းနေကာ အခြားဒေသများသည် အစဉ်အေးမြနေလိမ့်မည်။ နေ့တာနှင့် ညတာတို့သည်လည်း မပြောင်းမလဲ တစ်နှစ်ပတ်လုံး တစ်သမတ်တည်း ရှိနေလိမ့်မည်။
    သို့သော် ကမ္ဘာ့ဝင်ရိုးသည် နေပတ်လမ်းကြောင်း ပြင်ညီပေါ်သို့ ၂၃ ဒသမ ၅ ဒီဂရီ တိမ်းစောင်းနေသဖြင့် နှစ်စဉ် ဇွန်လမှစ၍ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် နေရောင်ပိုရ၍ နွေရာသီသို့ ရောက်သည်။ နေ့တာ ပိုရှည်သည်။ ယင်းအချိန်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် နေရောင်လျော့၍ ရသဖြင့် ဆောင်းရာသီ ဖြစ်သည်။ နေ့တာတိုသည်။ နောက်ထပ် ၆ လကြာလျှင် ကမ္ဘာသည် နေ၏ အခြားဘက်သို့ ရောက်သောအခါ မြောက်ဘက်ခြမ်းသို့ နေရောင်အကျနည်းပြီး ဆောင်းရာသီ ရောက်ကာ တောင်ဘက်ခြမ်းတွင် နေရောင်အကျများသဖြင့် နွေရာသီ ရောက်သည်။
    သို့သော် ကမ္ဘာ့ဝင်ရိုး တိမ်စောင်းမှု ပမာဏသည် တစ်သမတ်တည်း မနေဘဲ ၂၂ ဒသမ ၁ ဒီဂရီနှင့် ၂၄ ဒသမ ၅ ဒီဂရီ ကြား၌ ရွေ့လျားလျက် ရှိသည်။ အနေအထားတစ်ခုမှ ဖြည်းဖြည်းချင်း ပြောင်းလာပြီး မူရင်းအနေအထားသို့ ပြန်ရောက်ရန် နှစ်ပေါင်း ၄၁၀၀၀ ခန့် ကြာသည်။ ယခုအခါ တိမ်းစောင်းမှုသည် ၂၃ ဒသမ ၅ ဒီဂရီ ရှိပြီး တိမ်းစောင်းမှု ပမာဏ အနည်းဘက်သို့ ဦးတည်နေသည်။ တိမ်းစောင်းမှု ပမာဏ များသောအခါ နွေအခါ ပိုပူပြီး ဆောင်းအခါ ပိုအေးသည်။ တိမ်းစောင်းမှု နည်းသောအခါ နွေအခါ အပူလျော့၍ ဆောင်းအခါ အအေးလျော့သည်။ နွေအခါ အပူလျော့သော ခေတ်သို့ ရောက်သောအခါ ဆောင်းတွင်းက ဖုံးခဲ့သော ရေခဲပြင် ရေခဲမြစ်အချို့ နွေတွင် အရည်မပျော်နိုင်ကြချေ။ မြေပြင် ရေပြင်တို့နှင့် စာလျှင် နှင်းများ ရေခဲပြင်များသည် နေရောင်ကို ပို၍ ရောင်ပြန်ဟပ်ထုတ်သဖြင့် ကမ္ဘာ့မျက်နှာပြင်မှ လက်ခံစုပ်ယူသော အပူဓာတ်ပမာဏ နည်း၍ ကမ္ဘာ့အပူချိန်သည်လည်း ထပ်၍ ကျဆင်းပြန်သည်။ ယင်းဖြစ်ရပ်မျိုး နှစ်ကာလကြာရှည်စွာ ဆက်တိုက်ကြုံရသောအခါ ကမ္ဘာပေါ်တွင် ရေခဲပြင်များလာကာ ရေခဲခေတ်သို့ ရောက်သည်။ ၀င်ရိုးတိမ်းစောင်းမှု ပမာဏ တဖြည်းဖြည်းပြန်များလာသော ခေတ်တွင်မှ ပိုပူလာသော နွေကြောင့် ရေခဲပြင်များ အရည်ပျော်ပြီး ရေခဲခေတ်မှ လွတ်သည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change