ရေငွေ့ပါသည့် လေများ အမြင့်ပိုင်းသို့ တက်၍ အေးလာသောအခါ ရေငွေ့ဘ၀မှ မိုးနှင့်ဆီးနှင်းများ အဖြစ်သို့ ပြောင်းလဲ၍ မြေပြင်ပေါ် ရွာကျသည်။ တစ်ခါတစ်ရံ လေထုတွင်း ဖိအား များနေသည့်အခါ လေသည် အပေါ်မတက်နိုင်ဘဲ အောက်သို့ ပြန်ဆင်း၍ မိုးမရွာချေ။ ဖိအားများသော လေသည် တိမ်တိုက်များကို ဝေးရာသို့ တွန်းထုတ်သဖြင့် မိုးမရွာသော နေရာများတွင် တိမ်ကင်းစင်၍ နေရောင် ထွန်းလင်းနေတတ်သည်။ ဒေသတစ်ခု၌ လေထုသည် ဖိအားများလိုက် နည်းလိုက်နှင့် ဖြစ်တတ်သော်လည်း ရံခါဖိအား ဆက်တိုက်များနေသောအခါ မိုးမရွာသည့်ကာလ ကြာရှည်လာပြီး မိုးခေါင်လာတော့သည်။
ပင်လယ်သမုဒ္ဒရာမှ အငွေ့ပျံလာသည့် ရေငွေ့တို့ ဒေသတစ်ခုသို့ ရောက်နေကျအတိုင်း ရောက်မလာလျှင်လည်း မိုးခေါင်သည်။ ဥပမာ အိန္ဒိယသမုဒ္ဒရာဒေသတွင် မုတ်သုန်လေသည် သမုဒ္ဒရာမှ ရေငွေ့များကို သယ်ဆောင်လာပြီး မြန်မာပြည်အပါအ၀င် တောင်နှင့် အရှေ့တောင်အာရှ တိုင်းပြည်အချို့ပေါ်တွင် မိုးရွာစေတတ်သည်။ မုတ်သုန်လေအားနည်းလျှင်၊ လမ်းကြောင်းပြောင်းလျှင် အဆိုပါဒေသများတွင် မိုးခေါင်သည်။
တောင်များသည်လည်း ယင်းတို့၏ နောက်ကွယ်ရှိ အရပ်များကို မိုးခေါင်စေတတ်သည်။ ရေငွေ့ပါသော လေတို့သည် ကြားတွင်ခံနေသည့် တောင်ကိုတက်ရင်း အေးလာ၍ မိုးရွာကျသဖြင့် တောင်ကို ကျော်ပြီးသောအခါ ရေငွေ့များ နည်းသွားကာ လေညာအရပ်တို့တွင် မိုးနည်းရသည်။
ပုံမှန်ထက် ပိုအေး ပိုနွေးသည့် သမုဒ္ဒရာရေထုသည်လည်း ဖိအားများသည့် လေထုကို ဖန်တီးခြင်းဖြင့် မိုးခေါင်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်တတ်သည့် အယ်နီညိုခေါ် ပူနွေးရေစီးကြောင်းသည် ယင်းသမုဒ္ဒရာ၏ အရှေ့ခြမ်း မြောက်အမေရိကတိုက်တွင် မုန်တိုင်းဖြစ်ပေါ်စေပြီး လာနီညာခေါ် ရေအေးစီးကြောင်းက မိုးခေါင်စေသည်။ ယင်းသမုဒ္ဒရာ၏ အနောက်ခြမ်း သြစတေးလျ၊ အာရှ၊ အရှေ့တောင်အာဖရိကတို့တွင်မူ မြောက်အမေရိကနှင့် ပြောင်းပြန် အယ်လ်နီညိုကြောင့် မိုးခေါင်ပြီး လာနီညာကြောင့် စိုစွတ်သော ရာသီဥတုကို ဖြစ်ပေါ်စေသည်။
ပထ၀ီဝင်မြေပုံကို လေ့လာပါက မိုးများသည့် ဒေသများသည် တောင်လတ္တီတွဒ် ၁၅ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီကြားတွင် ရှိသည်ကို တွေ့ရမည်။ ယင်းအရပ်များတွင် လေထုသည် နွေးကာ အပေါ်သို့ တက်ရာမှ အပေါ်သို့ရောက်လျှင် အေးပြီး ရေငွေ့များမှ မိုးအဖြစ်ရွာကျသောကြောင့် ဖြစ်သည်။ မိုးခေါင်ရေရှားသည့် သဲကန္တာရများသည် တောင်လတ္တီတွဒ် ၃၀ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၃၀ ဒီဂရီ ၀န်းကျင်တွင် အများအားဖြင့် ရှိသည်ကို တွေ့ရမည်။ လေထုအပေါ်လွှာများရှိ နွေေးသာ လေစိုင်များ ယင်းအရပ်များ၌ အောက်သို့ စုန်ဆင်းလာကြသဖြင့် နွေးထွေးခြောက်သွေ့နေရခြင်း ဖြစ်သည်။
မိုးခေါင်ရခြင်း အထက်ပါ အကြောင်းရင်းများအပြင် လွန်ခဲ့သောနှစ် ၅၀ ခန့်မှ စ၍ မိုးခေါင်စေသော အကြောင်းတစ်ခု ထပ်တိုးလာခဲ့သည်။ ယင်းမှာ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတု ဖြစ်သည်။ တက်လာနေသော ကမ္ဘာ့အပူချိန်ကြောင့် မိုးပိုလာသည့် ဒေသများ ရှိသကဲ့သို့ အချို့နေရာများတွင် မိုးခေါင်မှု ပိုမို ကျယ်ပြန့် ပြင်းထန်လာနေသည်။ ပူနွေးသော လေထုသည် မြေကြီးထဲမှ ရေငွေ့များကို စုပ်ယူသော သတ္တိကို ပိုင်ဆိုင်၍ မြေပြင်ခြောက်သွေ့မှုကို အားပေးသည်။ အမေရိကန် အမျိုးသားလေထုသုတေသနဌာနက ၂၀၀၅ ခုနှစ်တွင် လေ့လာချက်က ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် မိုးခေါင်မှု ဖြစ်ပွားသော ဧရိယာ ၂ ဆ ပိုလာသည်ဟု ဆိုသည်။
ဒေသတစ်ခု မိုးခေါင် မခေါင်ကို ရွာကျသော မိုးရေပမာဏနှင့် တိုင်းတာကြသည်။ တစ်ခုသောကာလ (ဥပမာ ၁ လ) အတွင်း ရွာသွန်းမြဲ မိုးရေချိန်ကို ပြည့်မီအောင် မရွာလျှင် ယင်းနေရာသည် ယင်းကာလအတွက် မိုးခေါင်သည်ဟု ပြောနိုင်သည်။ ၁ ရက်အတွင်း သတ်မှတ် မိုးရေချိန်ကို ပြည့်မီအောင် မရွာမှု မည်မျှကြာပြီကို ကြည့်၍လည်း မိုးခေါင် မခေါင်ကို ဆုံးဖြတ်သည်။ မိုးနည်းလွန်းသော ဒေသများတွင် မိုးလုံးဝ မရွာသောရက်များ ကြာညောင်းလာလျှင် မိုးခေါင်သည်။
မိုးခေါင်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများမှာ အပူဒဏ် လွန်ကဲခြင်း၊ ရေတွင်း ရေကန်များ လျော့နည်း ခန်းခြောက်လာခြင်း၊ မြေဆီလွှာ ရေခန်းခြောက်၍ သစ်ပင်များ ညှိုးနွမ်း ရော်ရိ သေဆုံးခြင်း စသည်တို့ ဖြစ်သည်။
မိုးခေါင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုသည် ရေကြီးမှုကဲ့သို့ ထင်ထင်ပေါ်ပေါ် မရှိလှသော်လည်း လက်တွေ့တွင်မူ ဆုံးရှုံးမှု ပမာဏမှာ ရေလွှမ်းမှုကြောင့် ဆုံးရှုံးမှုထက် ကြီးကျယ်သည်။ ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၆၅-၆၇ ခုနှစ်များက ဖြစ်ပေါ်ခဲ့သည့် အိန္ဒိယနိုင်ငံတစ်ဝန်း မိုးခေါင်မှုများကြောင့် လူ ၆ သန်းစီ သေဆုံးခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံတွင် ၂၀ ရာစုနှစ် ပထမ နှစ် ၅၀ အတွင်း ဖြစ်ပွားခဲ့သည့် မိုးခေါင်မှုနှင့် နောက်ဆက်တွဲ အငတ်ဘေးတို့ကြောင့် လူ သန်း ၃၀ ခန့် သေဆုံးခဲ့သည်။ တောင်အာဖရိကနှင့် အရှေ့အာဖရိကဒေသများသည် မိုးခေါင်မှုနှင့် အကြိမ်ကြိမ် ကြုံနေရသည့်နေရာများ ဖြစ်သည်။ အပူပိုင်းဒေသနှင့် သမပိုင်းဒေသအစပ် ဖြစ်သော သြစတေးလျ၊ အာဖရိကတောင်ပိုင်း၊ မြေထဲပင်လယ်၊ ကာရစ်ဘီယံဒေသ၊ အမေရိကန်တောင်ပိုင်းနှင့် မက္ကဆီကိုတို့တွင် မိုးလျော့နည်းလျက်ရှိရာ နှစ်ပေါင်းများစွာ ဆက်လက် ခေါင်နေဦးမည်ဟု ခန့်မှန်းကြသည်။
ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ဖုံးအုပ်နေသည့် သမုဒ္ဒရာရေပြင်သည် ကျန် ၃၀ ရာခိုင်နှုန်း ဖြစ်သည့် ကုန်းမြေ၏ မိုးခေါင်မှုတွင် ပါဝင်ပတ်သက်နေသည်ကို ပညာရှင်တို့ တဖြည်းဖြည်း နားလည်လာနေကြသည်။
သမုဒ္ဒရာရေထု၏သိရန် မလွယ်သေးသော စွက်ဖက်မှုများနှင့် ရာသီဥတုကို ဖန်တီးသော အချက်အလက်အချို့ ရှုပ်ထွေးစွာ ယှက်လိမ်နေမှုကြောင့် ကြိုတင်မှန်းဆရန် ခက်ခဲသည့် အကျိုးဆက်များ ဖြစ်ပေါ်လျက် ရှိသည်။ ယင်းဖြစ်ရပ်များအနက် ထင်ရှားသော ဥပမာတစ်ခုမှာ အိန္ဒိယသမုဒ္ဒရာ ရေပြင်၏ အပူချိန် မြင့်တက်မှု ဖြစ်သည်။ အမေရိကန် အာကာသအဖွဲ့အစည်း (နာဆာ)ဂြိုဟ်တုက ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အိန္ဒိယသမုဒ္ဒရာ ရေပြင်အပူချိန်များကို တိုင်းတာလေ့လာခဲ့ရာ ၀ ဒသမ ၂၅ ဒီဂရီ စင်တီဂရိတ်(၀ ဒသမ ၄၅ ဒီဂရီ ဖာရင်ဟိုက်) တက်ခဲ့ကြောင်း သိရသည်။ တက်သော ပမာဏမှာ မဖြစ်စလောက်ဟု ထင်ရန် ရှိသော်လည်း ထိုမျှ ကျယ်ပြောသော ရေပြင်ကြီးတစ်ခုလုံး အပူချိန်တက်လာခြင်းမှာ မိုးလေ၀သနှင့် ရာသီဥတု ရှုထောင့်မှ ကြည့်လျှင် လွန်စွာထူးခြားသည်။ ယင်းလေ့လာချက်ကပင် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် တိုက်နေကျ ကုန်သည်လေများ အားပျော့သွားမှုကြောင့် အနက်ပိုင်းမှ ရေအေးများ အပေါ်သို့ ဆန်တက်လာမှု ၇၀ ရာခိုင်နှုန်းမျှ လျော့ကျသွားသည်ဟု ဆိုသည်။ အကယ်၍ ယင်းဖြစ်ရပ်မျိုး နှစ်ရှည် ပေါ်ပေါက်နေပါက အိန္ဒိယသမုဒ္ဒရာတစ်ဝိုက်ရှိ အချို့ဒေသများ အထူးသဖြင့် အာဖရိကတောင်ပိုင်းတွင် မိုးပိုခေါင်လာနိုင်စရာ ရှိနေသည်။
|
|
|
|