ပူပြင်းသော အချိန်များတွင် ကိုယ်ခန္ဓာ အေးမြစေရန် အတွက် နှလုံးနှင့် သွေးကြောစနစ်များသည် သဘာဝအလျောက် ပို၍ အားစိုက်၍ အလုပ်လုပ်သည်။ ယင်းသို့ နှလုံး ပိုအလုပ်လုပ်ရမှုကြောင့် ပင်ကိုက နှလုံးအားနည်းသူ နှလုံးရောဂါ ရှိသူများအတွက် နှလုံးထိခိုက်တတ်သည်။ ထို့အတူ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါများလည်း ပိုမိုဖြစ်ပွားတတ်သည်။ အပူလှိုင်းကြောင့် သေဆုံးမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေသည်။ ၁၉၉၅ ခုနှစ်က အမေရိကန် ရှိကာဂိုမြို့တွင် အပူလွန်ကဲမှုကြောင့် ဖြစ်သော နှလုံးရောဂါများကြောင့် ၅၁၄ ဦးသေဆုံးခဲ့သည်။
မြင့်မားသော အပူချိန်တွင် မြေပြင်နှင့်နီးကပ်နေသော လေထုအလွှာရှိ အိုဇုန်းဓာတ်ပမာဏ တိုးမြင့်လာသည်။ လေထု အပေါ်ပိုင်းရှိ အိုဇုန်းတို့သည် အာကာသထဲမှ အန္တရာယ် ခရမ်းလွန်ရောင်ခြည်များကို မြေပြင်ပေါ် ကျမလာအောင် တားဆီးပေးသော်လည်း မြေပြင်ဝန်းကျင် လေထုတွင်းရှိ အိုဇုန်းတို့သည်မူ လူ့ကျန်းမာရေးကို ထိခိုက်စေသည်။ အိုဇုန်းကြောင့် အဆုပ်တစ်သျှူးများ ပျက်စီးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ပန်းနာရင်ကျပ်နှင့် အဆုပ်ရောဂါများကို ဖြစ်စေတတ်သည်။ တိုင်းတာချက်များအရ ၄ ဒီဂရီ ဖာရင်ဟိုက် အပူချိန်တက်တိုင်း မြေပြင်နှင့်နီးကပ်နေသော လေထုအလွှာရှိ အိုဇုန်းပမာဏ ၅ ရာခိုင်နှုန်းခန့် ပိုလာသည်။
ပူနွေးလာနေသော ကမ္ဘာ၏ အခြားနောက်ဆက်တွဲ ဆိုးကျိုးများအနက် တစ်ခုမှာ အပူပိုင်းဒေသရောဂါဖြစ်ပွားမှုများသည် ပင်ရင်းဒေသတွင်ပင် အရေအတွက်တိုးမြင့်လာခြင်း ဖြစ်သည်။ ဥပမာ ငှက်ဖျားရောဂါပိုး သယ်ဆောင်သည့် အနိုဖလီးစ်ခြင်တို့သည် ပင်ရင်းအပူပိုင်းဒေသတွင် အရေအတွက် ပေါများလာသည့်အပြင် ခြင်ကိုက်နှုန်းလည်း မြင့်လာသည်။
ခြင်အပါအ၀င် သတ္တ၀ါများနှင့် ပိုးမွှားများသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်အခြေအနေကို လိုက်၍ အနေအထိုင် အပြုအမူသာမက နေရင်းဒေသပါ လိုက်ပြောင်းတတ်ရာ အပူပိုင်းဒေသတွင်သာ ပေါက်ပွားရှင်သန်သော ကူးစက်ရောဂါပိုး သယ်ဆောင်သည့် သတ္တ၀ါနှင့်ပိုးမွှားများသည် ယခင်ကထက် ပိုမိုပူနွေးလာသော သမပိုင်းဒေသသို့တိုင် ရွှေ့ပြောင်း နယ်ချဲ့လာနေကြသည်။ အနိုဖလီးစ်ခြင်တို့၏ နယ်ချဲ့လာနေမှုကြောင့် အမေရိကန်ပြည်တွင်ဆိုလျှင် မြောက်ပိုင်း ကျသည့် မစ်ရှီဂန်နှင့် နယူးယောက်ပြည်နယ်တို့အထိ ငှက်ဖျားရောဂါ ရောက်ရှိဖြစ်ပွားနေသည်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့ (အိုင်ပီစီစီ)၏အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် ငှက်ဖျားရောဂါ စွဲကပ်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ငှက်ဖျားဆေး ကလိုရိုကွင်းတို့ ဆေးမတိုးတော့ဟူသော သတင်းများ ထွက်ပေါ်နေချိန်တွင် အထက်ပါသတင်းသည် စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။
ခြင်တို့သယ်ဆောင်သော အခြားရောဂါတစ်မျိုး ဖြစ်သည့် အနောက်နိုင်းလ်ဗိုင်းရပ်ကြောင့် ဖြစ်သော အဖျားရောဂါသည် လွန်ခဲ့သော ၇ နှစ်ခန့်ကအထိ မြောက်အမေရိကတိုက်တွင် မဖြစ်ပွားသော်လည်း ယခုအခါ အဆိုပါဒေသတွင် ယင်းရောဂါကြောင့် လူ ၁၀၀၀ နီးပါးသေဆုံးခဲ့ပြီ ဖြစ်သည်။
အထက်ပါရောဂါများ ပြန့်ပွားသည့် နည်းအတိုင်း ခြင် ယင် ကြွက် ပိုးဟပ်စသည်တို့ကြောင့် ရောဂါဖြစ်ပွားမှုများ သမပိုင်းဒေသများတွင် တစ်ချိန်ထက်တစ်ချိန် ပိုလာနေသည်။ သွေးလွန်တုပ်ကွေးသည် အေးဒီးစ်ခြင်ကိုက်၍ ဖြစ်ပွားသည်။ ယင်းခြင်၏ ဥနှင့် အကောင်ပေါက်များသည် အအေးလွန်ကဲသော ဒေသများတွင် မရှင်သန်နိုင်သဖြင့် သွေးလွန်တုပ်ကွေးသည် အပူပိုင်းဒေသ၊ သမပိုင်းနှင့် အပူပိုင်းစပ်ကြား ဒေသများတွင်သာ ဖြစ်နိုင်သည်။ အမေရိကန်ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ၏ လေ့လာချက်က သွေးလွန်တုပ်ကွေး ရောဂါသယ်သော ခြင်များသည် အပူချိန်တက်လာနေသော သမပိုင်းဒေသများဆီသို့ ဦးတည်ကာ အမေရိကန်ပြည်တွင် ရှီကာဂို၊ ဥရောပတိုက်တွင် နယ်သာလန်နှင့် တောင်အမေရိကတိုက်တွင် အင်းဒီးစ်တောင်တန်းများအထိ ယင်းခြင်များ ရောက်နေသည်။
ပလိပ်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယား စွဲကပ်နေသော ကြွက်တို့ကြောင့် ပလိပ်ရောဂါ ပြန့်ပွားသည်။ လေထု အပူချိန် ၁ ဒီဂရီ စင်တီဂရိတ်တိုးတိုင်း ပလိပ်ရောဂါ ဖြစ်ပွားနိုင်မှု ၅၀ ရာခိုင်နှုန်း မြင့်လာသည်ဟု လေ့လာချက်တစ်ရပ်က ဖော်ပြသည်။ စိုစွတ်သော ရာသီဥတုက ကြွက်နှင့် အခြားပိုးမွှားများအတွက် အစာရှာရရန် ပေါက်ပွားကြီးပြင်းရန် လွယ်ကူသဖြင့် အမေရိကန်ပြည် နယူးမက္ကဆီကို ပြည်နယ်တွင် ဆောင်းတွင်းနှင့် နွေဦးရာသီ စိုစွတ်မှု လွန်ကဲစဉ်က ပလိပ်ရောဂါဖြစ်နှုန်း ၆၀ ရာခိုင်နှုန်းမျှ တိုးတက်ခဲ့သည်။
ဝမ်းရောဂါသည် မသန့်ရှင်းသော ရေနှင့်အစာတို့ကြောင့် ဖြစ်ပွားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပူနွေးလာသော ပင်လယ်ရေပြင်၊ ပင်လယ်ရေပြင်မြင့်တက်မှု၊ အယ်လ်နီညို ဖြစ်ရပ်တို့နှင့် ၀မ်းရောဂါ ပိုမိုဖြစ်ပွားလာမှုတို့ ဆက်စပ်နေသည်ဟု ကြေငြာထားသည်။ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကလည်း အယ်လ်ဂျီခေါ် အပင်ငယ်များ ရေတွင် ပေါက်ပွား ပြန့်နှံ့မှုသည် ပူနွေးသော ရေပြင်တွင် များပြားလာနေပြီး ယင်းတို့နှင့်အတူ ၀မ်းရောဂါ ဖြစ်ပွားမှုလည်း ပိုလာနိုင်သည်ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၀၀ ပြည့်နှစ်က တစ်ကမ္ဘာလုံး၏ ၀မ်းလျှောရောဂါကြောင့် သေဆုံး မှုများ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ အခြားလေ့လာချက်တစ်ရပ်က ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်စဉ် လူ ၁၅၀၀၀၀ သေဆုံးပြီး ရောဂါဖြစ်ပွားမှု ၅ သန်းခန့် ရှိကြောင်း ဖော်ပြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လေ့လာချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ရောဂါအမျိုးအမည်အသစ်နှင့်တစ်ချိန်ကပျောက်ကွယ်သွားခဲ့သော ရောဂါ အမျိုးပေါင်း ၃၀ ခန့် ကမ္ဘာတွင် ပေါ်ပေါက်လာသည်ဟု သိရသည်။
ပူနွေးလာနေသော ရာသီဥတုကြောင့် ပေါ်ပေါက်လာသော ရောဂါများ၊ ပိုမို ဆိုးရွားလာသော ရှိရင်း ရောဂါများသည် အထူးသဖြင့် အပူပိုင်းဒေသ၊ သမပိုင်းနှင့် အပူပိုင်းဒေသကြားရှိ ၀င်ငွေနည်း လူတန်းစားများကို ထိခိုက်လျက်ရှိသည်ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ)က ယင်း၏တတိယအကဲဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
|
|
|
|