ရေကြီးမှု
12-Sep-08

     ရေကြီးမှုကို မကြာခဏ ကြုံရသူများအဖို့ ကမ္ဘာတွင် ရေပမာဏ ပိုများလာလေသလားဟု အထင်ရောက်နိုင်အောင် အခြေအနေက ဆိုးလာနေသည်။ စာရင်းဇယားများအရ ကမ္ဘာ့ကုန်းမြေများပေါ်သို့ မိုးနှင့်ဆီးနှင်း ရွာကျမှုသည် လွန်ခဲ့သော နှစ် ၁၀၀ ခန့်ကထက် ပျမ်းမျှ ၁ ရာခိုင်နှုန်း ပိုလာသည်ဟု သိရသည်။ ၁ ရာခိုင်နှုန်းဟူသော ပမာဏသည် မဖြစ်စလောက်ဟု ထင်ရသော်လည်း နေရာနှင့် အချိန်ကို လိုက်၍ ပျမ်းမျှထက် လွန်ကဲသော မိုးရွာမှု ရေကြီးမှုများသည်မူ ကြီးစွာသော ပျက်စီး ဆုံးရှုံးမှုများကို ဖန်တီးလျက် ရှိသည်။ အမေရိကန်ပြည်တွင် မိုးသည် ၅ ရာခိုင်နှုန်းခန့် ပိုလာခဲ့ပြီး ကမ္ဘာ့မြောက်ခြမ်း၏ မြောက်ဘက် ပိုကျသော ဒေသများတွင် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းမျှ ပိုရွာလျက် ရှိသည်။ ဥရောပ၊ တောင်အာဖရိကနှင့် သြစတေးလျတို့၏ နေရာအများအပြားတွင် မိုးရွာသွန်းမှု သို့မဟုတ် ဆီးနှင်းအရည်ပျော်မှု အနည်းဆုံး ၁၀ မီလီမီတာ(၀ ဒသမ ၄ လက်မ) ရှိသော နေ့များသည် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တက်လာသည်။
     ယင်းသို့ ဒေသအများအပြားတွင် မိုးပိုလာမှုကြောင့် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၁ ခုနှစ်အတွင်း လူဦးရေ သန်းပေါင်း ၁၅၀၀ ခန့်သည် ရေလွှမ်းမိုးမှုဒဏ်ကို အနည်းနှင့်အများ ခံခဲ့ကြရသည်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
     ရေကြီးခြင်းသည် ယေဘုယျအားဖြင့် မိုးလွန်ကဲစွာ ရွာမှုကြောင့်ဟု ဆိုနိုင်သည်။ မိုးရွာခြင်းသည် သမုဒ္ဒရာရေထု အငွေ့ပျံခြင်းမှ အစပြုသည်။ မြင့်တက်နေသော ကမ္ဘာ့အပူချိန်ကြောင့် သမုဒ္ဒရာရေမျက်နှာပြင် အနီးတစ်ဝိုက်ရှိ ရေမော်လီကျူးများသည် ရှေးကထက် စွမ်းအင်မြင့်မားနေကြပြီး လေထုထဲသို့ ခါတိုင်းထက် ပိုမိုအငွေ့ပျံ ၀င်ရောက်နေကြသည်။ အပူချိန်မြင့်လေ လေထုတွင်း၌ ရေငွေ့ပမာဏ ဆတိုးနှုန်းဖြင့် ပိုမို ပါဝင်လာလေ ဖြစ်သည်။ အချို့သော မိုးလေ၀သပညာရှင်တို့က လေထု အပူချိန် ၁ ဒီဂရီ စင်တီဂရိတ်(၁ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) တက်လာတိုင်း ရေငွေ့ပါဝင်မှု ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ခန့်မှန်းသည်။ ဂြိုဟ်တုတိုင်းတာချက်များက သမုဒ္ဒရာရေပြင် အပေါ်ပိုင်း လေထုတွင်း ရေငွေ့ပါဝင်မှုသည် ၁၉၈၈ ခုနှစ်မှစ၍ ၁၀ နှစ်အတွင်း ၁ ရာခိုင်နှုန်း တက်လာကြောင်း ဖော်ပြသည်။ ကုန်းမြေပေါ်ရှိ လေထုတွင်း ရေငွေ့ ပါဝင်မှုသည်မူ ၁၉၇၃ ခုနှစ်မှ ၁၉၉၃ ခုနှစ်အတွင်း အချို့ နေရာများ၌ ၁ နှစ်လျှင် ၅ ရာခိုင်နှုန်းမျှ တိုးတက်ခဲ့သည်။
     ရေငွေ့ပါသော လေများသည် အမြင့်ပိုင်းသို့ ဆန်တက်ရင်း ပိုအေးလာသောအခါ ငွေ့ရည်ဖွဲ့၍ မိုးနှင့် ဆီးနှင်းများ အဖြစ် ကမ္ဘာပေါ် ပြန်ရွာကျသည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန် မြင့်ခြင်း၊ ရေပြင်အပူချိန် မြင့်ခြင်း၊ လေထုတွင်း ရေငွေ့ပမာဏ များခြင်း၊ မိုးပိုရွာခြင်း၊ ရေကြီးခြင်းတို့သည် တစ်ခုနှင့်တစ်ခု ကွင်းများပမာ ဆက်နွယ်၍ တစ်ခု မြင့်လျှင် ကျန်အခြင်းအရာတို့ပါ လိုက်မြင့်လျက် ရှိသည်။
     ရွာကျသော မိုးကြောင့် ရေကြီး မကြီး ဟူသောအချက်မှာ ရွာသွန်းသည့် ပုံစံပေါ်တွင် မူတည်သည်။ အချိန်တိုအတွင်း ဒလဟော ရွာချခြင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ် များစွာ မခြားဘဲ ရွာခြင်း၊ အဆက်မပြတ် ရွာသွန်းခြင်းတို့ကြောင့် ရွာကျလာသော မိုးရေများကို ချောင်းနှင့်မြစ်များက ပင်လယ်၊ အင်းအိုင် တို့ထဲသို့ နိုင်အောင် မသယ်နိုင်တော့လျှင် လျှံထွက်ကာ ရေကြီးမှုများ ဖြစ်ပေါ်သည်။ ဆန်းစစ်ချက်များအရ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရေလွှမ်းမိုးမှုကို ဖန်တီးသည့် မိုးရွာသွန်းမှု ပုံစံသည် အမေရိကန်၊ ဥရောပ အပါအ၀င် ကမ္ဘာ့ဒေသ အများအပြားတွင် ဖြစ်ပေါ်လျက်ရှိသည်။
     သစ်တောပြုန်းတီးမှုသည် ရေလွှမ်းစေသော အကြောင်းများထဲတွင် ပါသည်။ သစ်ပင်နှင့် သစ်မြစ် ချုံနွယ်များ မရှိသော အရပ်များတွင် ရေစီးဆင်းမှု မြန်ဆန်၍ ရေလွှမ်းမှုကို ဖြစ်စေသည်။ လူနေမြို့ရွာများ ထူထပ်များပြားလာသောအခါ သဘာဝမြေသားပေါ်တွင် လမ်းဖောက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းစသည်တို့ကြောင့် မိုးရွာသောအခါ မြေကြီးထဲ စိမ့်ဝင်နိုင်ရန် အခြေအနေ မပေးတော့၍ မြေပေါ်တွင်သာ စီးဆင်းရခြင်းသည်လည်း ရေကြီးစေရန် အကြောင်းတစ်ခု ဖြစ်သည်။
     ထို့အတူ အောက်ခံမြေသားတွင် ရေဓာတ်ဖြင့် စိုစွတ်နေပါက မိုးရေတို့ မြေကြီးထဲ စိမ့်မ၀င်နိုင်တော့၍ ရေကြီးသည်။ ဒီရေတက်ချိန်နှင့် ကြုံလျှင်၊ တာတမံ ဆည်မြောင်းတို့ထဲတွင် မူလသိုမှီးထားသော ရေပမာဏများလျှင်လည်း ရေကြီးနိုင်သည်။
     လေထုတွင်း ပမာဏ မြင့်တက်လာနေသော ကာဘွန်ဒိုင်အောက်ဆိုက်သည် ရေကြီးစေသော အကြောင်းများအနက် ၁ ခု ဖြစ်သည်ကို ၂၀၀၇ ခုနှစ်အတွင်းက လုပ်ဆောင်ခဲ့သော ဗြိတိသျှ ပညာရှင်တစ်စု၏ လေ့လာချက်က ဖော်ပြသည်။ ကာဘွန်ဒိုင်အောက်ဆိုက် များလာလျှင် သစ်ပင်တို့၏ မြေဆီလွှာတွင်းမှ ရေကို စုပ်သော အပေါက်များ ပိတ်သွားတတ်သည်။ ထို့ကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်များသော ဒေသများတွင် မြေကြီးထဲ ရောက်လာသော မိုးရေများကို အပင်တို့က စုပ်ယူမှု နည်းပါသဖြင့် မြေပြင်ပေါ် စီးဆင်းမှုများကာ ရေကြီးရသည်။
     ၂၀၀၂ ခုနှစ်က အမေရိကန်ဘူမီဗေဒတိုင်းတာရေး ဌာနမှ ပညရှင်တစ်စုက ကမ္ဘာတွင် အကျယ်ပြန့်ဆုံး မြစ်ဝှမ်းဒေသများ၏ ရေလွှမ်းပုံကို လေ့လာခဲ့ကြရာ မှတ်တမ်းတင်ခဲ့သမျှ အကြီးမားဆုံး ရေလွှမ်းမိုးမှု ၂၁ ခုတွင် ၁၆ ခုမှာ ၁၉၅၃ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါ တွေ့ရှိချက်နှင့် နောက်ပိုင်း ဖြစ်ပေါ်နေသော သတင်းများအရ ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေကြီးမှုအကြိမ် တဖြည်းဖြည်း များလာနေပြီး အနာဂတ်တွင်လည်း ပိုမိုဆိုးဝါး ပြင်းထန်လာမည်ကို ဖော်ပြလျက် ရှိသည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change