ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်တန်ပြန်ရာ၌ ရုပ်ကြွင်း လောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့၏ နေရာတွင် ပြန်ပြည့်မြဲစွမ်းအင်တို့ကို စီးပွားရေးအရ တွက်ခြေကိုက်စွာ အစားထိုးအသုံးချရန် လိုအပ်နေသည်။ ပြန်ပြည့်မြဲ စွမ်းအင် ဆိုသည်မှာ သုံးစွဲ၍ ကုန်ခမ်းသွား ခြင်းမရှိဘဲ အမြဲပြန်လည်ပြည့်တင်းနေသည့် နေရောင်စွမ်းအင်၊ လေစွမ်းအင်၊ ဒီရေစွမ်းအင်၊ ဘူမိအပူစွမ်းအင် စသည့် စွမ်းအင်ဇာစ်မြစ်များကို ခေါ်သည်။ ပြန်ပြည့်မြဲစွမ်းအင်များအနက် နေရောင်စွမ်းအင်နှင့် လေစွမ်းအင်တို့ကို သုံးစွဲမှုသည် ယခုထက် အဆပေါင်း များစွာ ပိုမိုတွင်ကျယ်မည့် အလားအလာများ ရှိနေသည်။
နေရောင်မှ စွမ်းအင် ထုတ်ရာ၌ နေရောင်ကို ကြေးမုံချပ်များဖြင့် ခံယူကာ တစ်နေရာ၌ စုစည်းစေပြီး စုစည်းနေရောင်၏ စွမ်းအင်ဖြင့် ရေ သို့မဟုတ် အရည်တစ်မျိုးကို အပူပေးကာ အပူစွမ်းအင်ကို သုံး၍ လျှပ်စစ်ထုတ်ယူသည်။ အခြားတစ်နည်းမှာ ဖိုတိုဗိုးလ်တစ်ဆဲလ် ခေါ် နေရောင်ခံပြားများဖြင့် နေရောင်ကို ဖမ်းယူကာ အတမ်များကို အီလက်ထရွန်များအဖြစ် ကွဲထွက်စေခြင်းဖြင့် လျှပ်စစ်ဓာတ် ထွက်ပေါ်စေသည်။ အိမ်သုံးနေအားလျှပ်စစ်ထုတ်ကိရိယာသည် နေရောင်ထွန်းလင်းသောနေ့များတွင် သာမန်အိမ်သုံးလျှပ်စစ်ဓာတ် ပမာဏကို ကောင်းစွာ ထုတ်ပေးနိုင်သည်။ အကြီးစား နေရောင်စွမ်းအင်ထုတ် ကိရိယာများသည်မူ စက်ရုံငယ်များအတွက် လိုအပ်သော လျှပ်စစ်ပမာဏကို ပေးနိုင်သည်။ ဥပမာ စပိန်နိုင်ငံတွင် ၂၀၀၇ ခုနှစ်က တည်ဆောက်ခဲ့သည့် နေရောင်သုံးကိရိယာသည် လျှပ်စစ်ဓာတ် မက်ဂါဝပ် ၂၀ ကို ထုတ်ပေးလျက် ရှိသည်။ ဂျာမနီနိုင်ငံ ဆက်ဆွန်နီ ဒေသရှိ ဘောလုံးကွင်းအကွင်း ၂၀၀ စာ ကျယ်သည့် နေရောင်စွမ်းအင်ထုတ်ကိရိယာသည် ဓာတ်အားမက်ဂါဝပ် ၄၀ ကို ထုတ်ပေးသည်။
နေရောင်စွမ်းအင်ထုတ်ယူရာတွင် နေရောင်ကောင်းစွာရရန် လိုအပ်ခြင်း၊ နေရောင်ခံပြား အများအပြားကို သုံးရသဖြင့် နေရာကျယ်ကျယ် လိုအပ်ခြင်းတို့သည် နေရောင်စွမ်းအင် သုံးစွဲမှု မတွင်ကျယ်သေးသည့် အကြောင်းများ ဖြစ်သည်။ ထို့ပြင် လက်ရှိအခြေအနေတွင် ဆိုလာဆဲလ်ခေါ် နေရောင်ခံပြားများ၏စရိတ် ကြီးနေ၍ နေရောင်မှ လျှပ်စစ်ထုတ်ယူခြင်းသည် ကျောက်မီးသွေး စက်ရုံမှ ထုတ်ပေးသော လျှပ်စစ်ဓာတ်အားထက် ဆယ်ဆခန့် ဈေးပိုကြီးနေသည်။ သို့သော် နည်းပညာ တိုးတက်လာသည်နှင့်အမျှ ဆိုလာဆဲလ်များ၏ဈေး တဖြည်းဖြည်းကျဆင်းလာနေသဖြင့် နေရောင်စွမ်းအင်ကို တစ်နေ့တခြား ပိုမိုသုံးစွဲလာနေကြသည်။
နေရောင်ထက် ပိုမိုများပြားသော စွမ်းအင်ကို ပိုင်ဆိုင်သော အခြားစွမ်းအင်မှာ လေစွမ်းအင် ဖြစ်သည်။ လေတိုက်ခတ်မှုအားဖြင့် ဒလက်များကို လည်ပတ်စေပြီး ဒလက်လည်ပတ်မှုဖြင့် တာဘိုင်စက်များကို မောင်းနှင်၍ လျှပ်စစ်ဓာတ်ထုတ်ယူသည်။ ၂၀၀၆ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် တိုက်ခတ်ခဲ့သော လေစွမ်းအင်များ အားလုံးကိုသာ လျှပ်စစ်ထုတ်ယူပါက ၇၅ ဂိုင်ဂါဝပ် လျှပ်စစ်ဓာတ်အားကို ရရှိမည်ဟု တွက်ချက် ခန့်မှန်းရသည်။
လေစွမ်းအင်၏ အားသာချက်မှာ လည်ပတ်သော ဒလက်များကို တပ်ဆင်ရန် နေရောင်ခံပြားများကဲ့သို့ မြေအကျယ်အ၀န်း များစွာမလိုပေ။ သို့သော် ဒလက်များ တပ်ဆင်လည်ပတ်ရန် စရိတ် ကြီးမြင့်နေသေးခြင်း၊ လေမတိုက်သည့် အချိန်တွင် သုံးနိုင်ရန် အခြားစွမ်းအင်တစ်မျိုးကို အရံသင့်ထား ရှိရခြင်း စသည့် အားနည်းချက်များ ရှိနေသေးသည်။ ထို့အပြင် ဒလက်များ လည်ပတ်ရာတွင် ဆူညံသံများ ထွက်ပေါ်သည်၊ ငှက်တို့အတွက် အန္တရာယ်ရှိသည်၊ သဘာ၀၀န်းကျင် မြင်ကွင်းကို ပျက်စီးစေသည်။
ပြန်ပြည့်မြဲစွမ်းအင်များကို သုံးစွဲရာ၌ စပိန်၊ ဂျာမနီနှင့် အီတလီတို့တွင် နေစွမ်းအင်အသုံးက ထိပ်ပိုင်းရောက်နေသော်လည်း အခြားနိုင်ငံတို့တွင် လေအားစွမ်းအင်က အများဆုံး ဖြစ်နေသည်။
လေစွမ်းအင်နှင့် နေစွမ်းအင်တို့က ဦးဆောင်နေသည့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် တစ်နေ့ထက် တစ်နေ့ အရှိန်အဟုန်ဖြင့် တိုးတက်လာလျက် ရှိသည်။ ယင်း ကဏ္ဍတွင် ၂၀၀၈ ခုနှစ်အထိ အမေရိကန်က အများဆုံးနေရာတွင် ရပ်တည်ခဲ့ရာမှ ၂၀၀၉ ခုနှစ်အတွင်းတွင် တရုတ်က အမေရိကန်ကို ကျော်ဖြတ်၍ အများဆုံး ရင်းနှီးမြှုပ်နှံသူနေရာကို ရယူလိုက်သည်။ Pew Charitable Trusts ၏ သုတေသန ပြုချက်အရ ၂၀၀၉ ခုနှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆ ဘီလျံမျှရှိသည်။ အမေရိကန်သည် ယင်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆ ဘီလျံခန့် ရှိသဖြင့် တရုတ်သည် အမေရိကန်ထက် နှစ်ဆနီးပါး ပိုမို ရင်းနှီးထားခြင်းပင် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်းသည် ၁၁ ဒသမ ၂ ဘီလျံ၊ စပိန်သည် ၁၀ ဘီလျံနှင့် ပဉ္စမ ဘရာဇီးသည် ၇ ဒသမ ၄ ဘီလျံ ဒေါ်လာစီ ရင်းနှီးထားကြသည်။
တည်ဆောက် တပ်ဆင် အသုံးပြုနေပြီးသော ပြန်ပြည့်မြဲစွမ်းအင်ပမာဏချင်း ယှဉ်ပါက အမေရိကန်တွင် အသုံးပြုနေသော ပြန်ပြည့်မြဲစွမ်းအင်ပမာဏသည် တရုတ်ထက် များနေသေးသော်လည်း လက်ရှိနှုန်းအတိုင်း ဆက်သွားနေပါက တရုတ်တွင် တပ်ဆင်အသုံးပြုသော ပြန်ပြည့်မြဲစွမ်းအင် ပမာဏသည် အမေရိကန်ထက် ယခုနှစ်အတွင်း များသွားနိုင်စရာ ရှိနေသည်။
ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု နှုန်းကို ကြည့်ပါက တောင်ကိုးရီးယား၏ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၉ ခုနှစ်အတွင်း ၂၄၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တရုတ်သည် ၇၉ ရာခိုင်နှုန်း တိုးတက်သည်။ ယင်းတို့၏ နောက်မှ သြစတေးလျသည် ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နှင့် အိန္ဒိယတို့က ၃၁ ရာခိုင်နှုန်းစီဖြင့် လိုက်နေသည်။
တစ်ကမ္ဘာလုံး ခြုံကြည့်ပါက လွန်ခဲ့သောငါးနှစ်နှင့် စာလျှင် နှစ်ဆမျှ တက်လာသည်။ မကြာသေးမီက ဖြစ်ပေါ် ခဲ့သော စီးပွားရေးကျဆင်းမှုသာ မရှိခဲ့လျှင် ထိုထက်ပို၍ တက်ခဲ့မည်ဟု သုံးသပ်ကြသည်။
ဤသို့ တက်လာနေခြင်းသည် သန့်ရှင်းသော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးခြင်းဖြင့် ထုတ်လုပ်မှုအခြေခံကောင်းများ တည်ဆောက်နိုင်ခြင်း၊ အလုပ်အကိုင်နှင့် လုပ်ငန်းသစ်များ ဖန်တီးပေးနိုင်ခြင်း၊ ပြည်ပပို့ကုန် အခွင့်အလမ်းများ ရရှိလာခြင်းတို့ကို နားလည် သဘောပေါက်လာကြကြောင်း ပြဆိုနေသည်။
တရုတ်သည် ၂၀၂၀ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင် ပမာဏ ဂိုင်ဂါဝပ် ၃၀ အထိ အသုံးပြုရန် လျာထားရာ လေစွမ်းအင်တစ်ခုတည်းဖြင့်ပင် ယင်းရာထားချက်ကို ကျော်လွန်မည့် အလားအလာ ရှိနေသည်။ တရုတ်သည် စွမ်းအင်ရရှိမှုကို ဇာစ်မြစ် နှစ်မျိုး သုံးမျိုးတည်းမှသာ မဟုတ်ဘဲ ပြန်ပြည့်မြဲစွမ်းအင် အမျိုးမျိုးကို သုံးရန် အမျိုးသားရေး ဦးစားပေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားသည်။ ယခုအခါ တရုတ်သည် နေရောင်သုံး ဖိုတိုဗိုးလ်တစ်ဆဲလ်များကို ထုတ်လုပ်ရာတွင် လည်းကောင်း၊ လေအားလျှပ်စစ်ထုတ် တာဘိုင်များကို ထုတ်လုပ်ရာတွင် လည်းကောင်း ကမ္ဘာတွင် ထိပ်ဆုံးရောက်နေသည်။
ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ထိုကဲ့သို့ အပြိုင်အဆိုင် ရင်းနှီးနေကြခြင်းက ယင်းကဏ္ဍသည် နည်းပညာနယ်ပယ်တွင်ရော၊ ကမ္ဘာ့စီးပွားရေးတွင်ပါ အလေးမူ ဂရုပြုရမည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း ပြဆိုနေသည်။
|
|
|
|