ကမ္ဘာကြီး ပူနွေးလာနေသည်ဟု ပြောကြသောအခါ သက်သေအနေနှင့် လေထု၏အပူချိန်ကို တိုင်းတာညွှန်ပြလေ့ရှိကြသည်။ လူတို့သည် လေထုနှင့် ထိတွေ့နေထိုင်ကြရကား ယင်း၏အပူ အတက် အကျကို သိရှိလွယ်ကြ၍ ထိုသို့ လေထု၏ အပူချိန်ကို ညွှန်းဆိုခြင်းမှာ သဘာဝကျ ဆီလျော်သည်ဟု ဆိုရမည်။
သို့သော် ထိုသို့ လေထု၏ အပူချိန်ကိုသာ ညွှန်းဆိုနေခြင်းမှာ တစ်ခါတရံတွင် တကယ်ဖြစ်နေသည်နှင့် မကိုက်ညီဘဲ ဖြစ်နေတတ်သည်။ အဘယ့်ကြောင့်ဆိုသော် အောက်ပိုင်း လေထု၏အပူချိန်သည် လွန်ခဲ့သော အနှစ် ၅၀ အတွင်း ယေဘုယျအားဖြင့် ခြုံကြည့်လျှင် တက်လာနေသော်လည်း အကျမရှိဘဲ တောက်လျှောက် တက်နေခြင်းမျိုးတော့ မဟုတ်ပေ။ တစ်နှစ် နှစ်နှစ်ခန့် ထောင်တက်သွားလိုက်၊ တစ်နှစ် နှစ်နှစ်ခန့် ကျသွားလိုက် တစ်ခါတစ်ရံ အတက်အကျ မရှိဘဲ တစ်ပြေးညီ ဖြစ်လိုက် အခြေအနေမျိုးကို ကြုံခဲ့ဖူးသည်။
ပစိဖိတ်သမုဒ္ဒရာတွင်း ပေါ်ပေါက်သည့် အယ်လ်နီညို ရေစီးကြောင်း ပေါ်သည့်အခါ လေထုအပူချိန် တစ်နှစ်ခန့် ထောင်တက်သည်။ မီးတောင်တစ်လုံးလုံး ပြင်းထန်စွာ ပေါက်ကွဲသည့်အခါ ထွက်သည့် ပြာမှုန်များကြောင့် လေထုအပူချိန် နှစ်အနည်းငယ်ခန့် ကျဆင်းသည်။ ရေရှည်ဖြစ်စဉ်ကို မသုံးသပ်ဘဲ ရေတိုအပူချိန် ထောင်တက်နေမှုကို ကြည့်၍ ကမ္ဘာကြီး အရမ်းပူလာနေပြီဟု ဆိုလျှင် မမှန်သကဲ့သို့ မီးတောင်ပေါက်မှုကြောင့် အပူချိန်ကျဆင်းမှုကို ကြည့်ပြီး ကမ္ဘာကြီး အေးလာနေ သည်ဟု ဆိုခြင်းမှာလည်း မမှန်ကန်ချေ။
အချို့က ရေတိုအပူချိန် ကျဆင်းမှု၊ တန့်နေမှုတို့ကိုသာ လက်ညှိုးထိုးကာ ကမ္ဘာ့အပူချိန်တက်နေသည် ဆိုခြင်းမှာ မှားသည်ဟု ဇွတ်မှိတ်ပြောကြသည်။ ယင်းသို့ ဇွတ်ပြောကြသူများကြောင့် သာမန်ပြည်သူအချို့ကလည်း ကမ္ဘာ့အပူချိန် တက်နေ၊ ရာသီဥတု ပြောင်းနေခြင်းကို မယုံကြည်ကြ စိတ်မ၀င်စားကြချေ။
ကမ္ဘာ့ရာသီဥတု အပူချိန် တက်နေ မနေကို အမှန် အတိုင်း သိရန် လေထုတစ်ခုတည်းကိုသာ မလေ့လာဘဲ သမုဒ္ဒရာ ရေထုကိုလည်း ကြည့်ရသည်။ ရေထု၏ သဘောမှာ ပူပြီးဆိုလျှင် ဖြည်းဖြည်းနှင့် မှန်မှန် တောက်လျှောက်တညီတည်း ပူလာသည်။ အေးပြီဆိုလျှင်လည်း ဖြည်းဖြည်းနှင့် မှန်မှန် တောက်လျှောက် တညီတည်း အေးလာသည်။ အများလက်ခံ ထားသကဲ့သို့ ကမ္ဘာကြီး ပူလာနေသည်ဆိုသောအချက်ကို ခိုင်လုံကြောင်း သက်သေပြရန် သိပ္ပံပညာရှင်တို့သည် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း သမုဒ္ဒရာရေထု၏ အပူပမာဏ မည်သို့ ပြောင်းလဲခဲ့သနည်းဆိုသည်ကို လေ့လာခဲ့ကြသည်။
လေ့လာချက်၏ရလဒ်အဖြစ် သမုဒ္ဒရာရေထု၏ အပူချိန်သည် အနည်းဆုံး ၁၉၉၃ ခုနှစ်မှစ၍ တောက်လျှောက် တညီတည်း တက်နေသည်ဟု အဖြေထွက်လာသည်။ လေထုနှင့် မျက်နှာပြင်အပူချိန်သည် ၁၉၉၈ ခုနှစ်သည် အမြင့်ဆုံးနှစ် ဖြစ်ခဲ့ကာ ယင်းနှစ်နောက်ပိုင်းတွင် ၁၉၉၈ စံချိန်ကို မမီသော်လည်း ရေထု၏ အပူချိန်သည်မူ သိသာစွာ မြင့်တက်လာနေခဲ့ကြောင်း တိုင်းတာရရှိသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များ တောက်လျှောက် တက်နေသည်နှင့်အမျှ ရေထု၏ အပူချိန်သည်လည်း တောက်လျှောက်လိုက်တက်လာနေကြောင်း ခိုင်လုံစွာ သိရပြီ ဖြစ်သည်။ ခြွင်းချက်တစ်ခုအနေနှင့် ၂၀၀၃ ခုနှစ် တစ်နှစ်တွင်သာ အတက်အကျ မရှိခဲ့ချေ။
၂၀၀၃ ခုနှစ်တွင် အတက်အကျမရှိခြင်းမှာ ပညာရှင်တို့ ကောင်းစွာနားမလည်နိုင်သေးသော သမုဒ္ဒရာရေထု အနက်ပိုင်းဖြစ်စဉ်နှင့် ဆက်နွယ်နေသည်ဟု ကောက်ချက်ချကြသည်။ လွန်ခဲ့သော နှစ်လခန့်က အမေရိကန်အမျိုးသားလေထု သုတေသနဌာနမှ ပညာရှင် နှစ်ဦးက ထုတ်ပြန်ခဲ့သော စာတမ်းတစ်စောင်တွင် လေထုတွင်းရောက် ဖန်လုံအိမ်ဓာတ်ငွေ့များက ထိန်းအုပ်ထားသော အပူဓာတ်အချို့ မည်သည့်နေရာရောက်နေမှန်း အဖြေရှာမရ ဖြစ်နေခဲ့ရာ ယင်းအပူတို့သည် သမုဒ္ဒရာ အနက်ပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်မည်ဟု ယူဆကြောင်း တင်ပြခဲ့သည်။
ယခုတိုင်းတာရေးကို လုပ်ကိုင်သည်မှာ အများဆုံး ပေ ၂၃၀၀ အနက်အထိသာ ဆင်း၍ တိုင်းခဲ့ခြင်း ဖြစ်သည်။ ပေ ၂၃၀၀ အနက်သည် ကမ္ဘာ့သမုဒ္ဒရာများ၏ ပျမ်းမျှအနက်ပေ ဖြစ်သည်။ လေထုနှင့် ရေထုမျက်နှာပြင်တို့အကြား အပူကူးသန်းမှုများ ရှိသကဲ့သို့ ရေထု၏ အပေါ်ပိုင်းနှင့် အနက်ပိုင်းတို့ ကြားတွင်လည်း အပူဓာတ် ကူးသန်းမှုများရှိသည်။ ၂၀၀၃ ခုနှစ်က ရေထုအပူချိန် တန်းနေခဲ့ခြင်းမှာ ရေထုအပေါ်ပိုင်းရှိ အပူဓာတ်အချို့ ပညာရှင်တို့ တိုင်းတာလေ့လာရန် လက်လှမ်းမမီသော ပို၍ နက်သော အပိုင်းသို့ ရောက်သွား၍ ဖြစ်နိုင်သည်။
ရေထုအပူချိန် တက်လာနေမှုကို တိုင်းတာရရှိသော အပူချိန်မှတ်တမ်းများကသာ သက်သေပြနေသည် မဟုတ်ပေ။ အခြားတွေ့ရှိချက်တစ်ခုကလည်း ယင်းအချက် မှန်ကန်ကြောင်း ထောက်ခံနေသည်။
ရေထုသည် ပူလျှင် ပွယောင်းသော သဘောရှိရာ ပင်လယ်ရေပြင် မြင့်တက်လာနေခြင်းသည် ရေခဲပြင် အရည်ပျော်နေသောကြောင့် တစ်ခုတည်း မဟုတ်ဘဲ အပူကြောင့် ပွလာသော ရေထုကြောင့်လည်း ဖြစ်သည်။ သမုဒ္ဒရာရေထု၏ အပူပမာဏ များလာသည်နှင့်အမျှ ပင်လယ်ရေပြင်သည်လည်း တောက်လျှောက် တညီတည်း တက်လာလျက် ရှိသည်။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ပင်လယ်ရေပြင်သည် တစ်နှစ်လျှင် တစ်မီလီမီတာခန့် မြင့်တက်ခဲ့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ က တစ်နှစ်လျှင် နှစ်မီလီမီတာ မြင့်တက်ခဲ့သည်။ ယခုအခါ သုံးမီလီမီတာ မြင့်လာနေသည်။ ရေထုအပူချိန် တောက်လျှောက် တက်လာနေ၍သာ ထိုသို့ တစ်ချိန်ထက် တစ်ချိန် ပိုမြင့်တက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် သမုဒ္ဒရာရေထုသည် လေထုတွင်းမှ အပူဓာတ်များကို စုပ်ယူနေဆဲ ဖြစ်သည်။ သို့သော် ယခုနှုန်းအတိုင်းဆိုလျှင် တစ်ချိန်တွင် ရေထုတွင်း၌ အပူဓာတ်များ ပြည့်ဝသွားကာ ဆက်မစုပ်နိုင်တော့ဘဲ ရေထုမှ လေထုတွင်းသို့ ပြန်လည်ဝင်ရောက်ဖွယ်ရာ ရှိသည်။ ထိုအခြေအနေအထိ ရောက်သောအခါ ပူနှင့်နေပြီးသော လေထုကို ရေထဲမှ ထွက်လာသော အပူက ထပ်၍ အပူတိုက်မည် ဖြစ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကို လုံးဝရပ်တန့်လိုက်သော်မှ လေထုတွင်း ရောက်နှင့်နေပြီးသော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ဖြစ်သောအပူ၊ ရေထုတွင်းမှ ပြန်လည်ဝင်ရောက်သောအပူတို့ စုပေါင်းကာ ကမ္ဘာကို ပူသထက်ပူအောင် ထိုးနှက်ကြလိမ့်မည် ဖြစ်သည်။
|
|
|
|