ပြင်သစ်ပြည် ပါရီမြို့တော်သို့ ရောက်သူတိုင်း မဖြစ်မနေ သွားရသည့်နေရာများအနက် တစ်ခုမှာ ရွှန်ဇေလီဇေလမ်းမကြီး(Champs-Elysees) ဖြစ်သည်။ ရုပ်ရှင်ရုံများ၊ ကော်ဖီဆိုင်များ၊ ကမ္ဘာကျော် ပစ္စည်းများကို ရောင်းချသော စတိုးဆိုင်ကြီးများက လမ်းတစ်ဖက်တစ်ချက်တွင် စီရရီ တည်ရှိပြီး လမ်း၏ တစ်နေရာတွင် ကမ္ဘာကျော် အောင်မြင်ခြင်းမုခ်ဦး(Arc de Triomphe)က ငွားငွားစွင့်စွင့်ကြီး ရပ်တည်နေသည်။ ကားများကလည်း မျက်စိတစ်ဆုံး သွားလာနေသည်။
သို့သော် ၂၀၁၀ ပြည့်နှစ် မေလနောက်ဆုံးပတ်က ရွှန်ဇေလီဇေတစ်လျှောက်တွင် ကားများကို မတွေ့နိုင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ပြင်သစ်လယ်သမားများက ယင်းကမ္ဘာကျော်လမ်းမကြီးတစ်လျှောက်လုံးကို မြေကြီးများဖြင့် ဖို့ကာ ဧရာမစိုက်ခင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲထားသောကြောင့် ဖြစ်သည်။ ယူရိုငွေ လေးသန်းကျော် အကုန်အကျခံ၍ လော်ရီကားများဖြင့် မြေကြီးများ၊ သစ်ပင် ပန်းပင်ပေါင်း တစ်သိန်းခွဲကျော်အပြင် နွား သိုး ဆိတ်များကိုပါ သယ်လာကာ စိုက်ပျိုးမွေးမြူရေးလမ်းမကြီးအဖြစ် ဖန်ဆင်းသည်။ လယ်ယာထွက်ကုန်များ ဈေးကျဆင်းသဖြင့် ငွေကြေးအခက်အခဲများ ပေါ်နေသည်ကို အများသိအောင် ထုတ်ဖော်ပြသရန် ယင်းသို့ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းရက်များအတွင် ရွှန်ဇေလီဇေသို့ လာရောက်ကြသူ သန်းနှင့်ချီသောလူများသည် အဖိုးတန်အ၀တ်အထည်နှင့် အသုံးအဆောင်များအစား ပန်းပင် သစ်ပင်များ၊ စိုက်ပျိုးမြေကြီးများ၊ မွေးမြူရေးအစားအစာများကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူခဲ့ကြသည်။
တစ်သက်လုံး ကားများဖြင့် ပြည့်ကျပ်နေသော လမ်းမကြီးအစား စိမ်းလန်းသော ရှုခင်းတစ်ခုအဖြစ် အစားထိုးမြင်ရခြင်းမှာ ထူးခြားလှသည်။
|
|
|
|