ကမ္ဘာတွင် မျိုးစိတ်အများအပြား ပျောက်ကွယ် မျိုးတုံးနေပြီး ဇီဝမျိုးစိတ်မျိုးကွဲများ ယုတ်လျော့လာနေမှုသည် နိုင်ငံများ၏ စီးပွားရေးကို မကြာမီ ထိခိုက်လာတော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုက ဖော်ပြလိုက်သည်။
“မျိုးစိတ်” ဆိုသည်မှာ အပင်နှင့် သက်ရှိသတ္တ၀ါများကို အုပ်စုဖွဲ့ ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရ ဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာ စသည့် ကိုယ်ပိုင်ထူးခြားသော လက္ခဏာများ ရှိကြပြီး အချင်းချင်း မျိုးပွားခြင်းအမှုကို ဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသော သတ္တ၀ါများ၊ သစ်ခွ၊ ကျွန်းစသည့် အပင်များသည် မျိုးစိတ်များပင် ဖြစ်ကြသည်။ ယနေ့ကမ္ဘာတွင် မျိုးစိတ် ၁ သန်းခွဲခန့်ကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်သည်။ ၄င်းတို့မှာ အပင်မျိုးစိတ် ၃ သိန်းခန့်နှင့် သတ္တ၀ါမျိုးစိတ် ၁ သန်း ၂ သိန်းခန့် ဖြစ်သည်။ မှတ်တမ်း မတင်နိုင်သေးသည့် မျိုးစိတ်ပေါင်း ၅ သန်းမှ သန်း ၃၀ ခန့်အထိ ရှိဦးမည်ဟု ခန့်မှန်းရသည်။ ဒေသတစ်ခုတွင် စုစည်း ရှင်သန် တည်ရှိသည့် ကွဲပြားခြားနားသော မျိုးစိတ်များအစုအရုံးကို ဇီဝမျိုးစုံမျိုးကွဲများဟု ခေါ်သည်။
မျိုးစိတ်များသည် မိမိတို့ တစ်မျိုးတည်း ကြာရှည် ရှင်သန် နေထိုင်ရန် မဖြစ်နိုင်ဘဲ တစ်မျိုးပေါ် တစ်မျိုး အပြန်အလှန် မှီခိုရှင်သန်နေကြသည့်အတွက် နေရာတစ်ခုတွင် ဇီဝမျိုးစုံမျိုးကွဲများလေ ယင်းနေရာ၏ ဇီဝစနစ်သည် ကောင်းမွန် ရှင်သန်လေပင် ဖြစ်သည်။ ဇီဝမျိုးစုံ မျိုးကွဲများတွင်ပါသော မျိုးစိတ်များသည် အစာ အာဟာရအတွက်သာမက နေထိုင်ရေး၊ ကျန်းမာရေး စသည်တို့အတွက်လည်း အခြား အခြားသော မျိုးစိတ်များကို မှီခိုနေကြသည်။ ဥပမာ လူတို့၏ နေရေးထိုင်ရေးအတွက် သစ်၊ ၀ါးစသည့် မျိုးစိတ်များကို လိုအပ်သည်။ ငှက်တို့သည် သစ်ပင်များကို အဓိကနေစရာအဖြစ် အားကိုးကြရသကဲ့သို့ ရေအောက် သန္တာကျောက်တန်းများသည် ရေသတ္တ၀ါများ၏ ခိုလှုံနေထိုင်ရာ ဖြစ်သည်။ လူနှင့် တိရစ္ဆာန်များ၏ နေစရာများ လေပြင်းနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးမှုကို သစ်ပင်မျိုးစိတ်များက အကာအကွယ် ပေးသည်။ ထိုသို့ အသုံးဝင် အဖိုးတန်လှသော်လည်း လူတို့သည် ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန် တိုးပွားလာအောင် ထိန်းသိမ်းနိုင်ခြင်း မရှိသဖြင့် ယင်းသည် ကြောက်မက်ဖွယ်နှုန်းဖြင့် လျော့ပါးလာလျက် ရှိသည်။
၂၀၀၂ ခုနှစ်က ကမ္ဘာ့နိုင်ငံအစိုးရများသည် ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းနေမှုကို ၂၀၁၀ ပြည့်နှစ် အရောက်တွင် သိသာစွာ ဟန့်တားရန် ကတိပြုခဲ့ကြသည်။ သက်ရှိတို့နေရာ ထိုင်ခင်းများ မပျက်စီး မယိုယွင်းအောင် ထိန်းသိမ်းမှု၊ ဂေဟဗေဒ ဆိုင်ရာ အရေးပါသည့်ဒေသများကိုကာကွယ်မှု၊ အခြားသက်ရှိများကို တိုက်ခိုက် သေဆုံးစေသည့် သတ္တ၀ါများ ပြန့်ပွားလာခြင်းကို ဟန့်တားမှု၊ ရှားပါးတိရစ္ဆာန်များကို ရောင်းဝယ် ဖောက်ကားခြင်းမှ ကာကွယ်မှုစသည်တို့သည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စပင် ဖြစ်ကြသည်။ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စအတွက် ယင်းတို့ ပျက်စီး ယိုယွင်းနေမှုနှုန်းကို ၂၀၁၀ ပြည့်နှစ်တွင် ၁၀ ရာခိုင်နှုန်း လျှော့ချရန် အစိုးရ အများအပြားက သဘောတူခဲ့သော်လည်း ယင်းသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု သိပ္ပံပညာရှင်များက ပြောသည်။
လက်ရှိကြုံတွေ့နေရသော ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်နေမှုနှုန်းသည် သမိုင်းတစ်လျှောက် မကြုံစဖူး မြင့်မားနေသည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးဖြစ်သူ အာမက်ဂျိုဂလပ်က ပြောသည်။ နို့တိုက်သတ္တ၀ါများ၊ တွားသွားသတ္တ၀ါများ၊ ငှက်များ၊ ငါးများ ပါဝင်သည့် ကျောရိုးရှိသတ္တ၀ါများ အုပ်စုဝင် အကောင်များ၏ အရေအတွက်သည် ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၀၆ ခုနှစ်ကြားတွင် သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်ဟု ကုလသမဂ္ဂက ဆိုသည်။ အချို့နေရာများတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရာ၌ တိုးတက်မှု ရှိသော်လည်း မျိုးတုံးနိုင်သည့် အရေအတွက်မှာ အစဉ်တိုးလာလျက် ရှိသည်။
တွေ့ရှိပြီးသမျှ နို့တိုက်သတ္တ၀ါများ၏ ၂၁ ရာခိုင်နှုန်း၊ ကုန်းနေ ရေနေသတ္တ၀ါများ၏ ၁၂ ရာခိုင်နှုန်း၊ ငှက်မျိုးစိတ်များ၏ ၁၂ ရာခိုင်နှုန်းနှင့် သန္တာကျောက်တန်းများ၏ ၂၇ ရာခိုင်နှုန်းသည် မျိုးတုံးပျောက်ကွယ်နိုင်သည့် အလားအလာများ ရှိနေသည်။ သတ္တ၀ါများ မျိုးတုံးနေသည့် နှုန်းအတိုင်းသာ စတော့ရှယ်ယာ ဈေးများ ထိုးကျပါက လူတို့ ချက်ချင်းလိုလို ထိတ်ထိတ်ပျာပျာ ဖြစ်လာလိမ့်မည်ဟု သတ္တ၀ါများ မျိုးတုံးနိုင်သည့် စာရင်းကို ပြုစုသော နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးအဖွဲ့၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဘီလ်ဂျက်ဆင်က ဆိုသည်။
လက်ရှိလုပ်ဆောင်နေသော ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ၏ ဘောဂဗေဒစီမံကိန်းကို အကောင်အထည် ဖော်နေသူများသည် သဘာဝစနစ်ကြီးက ၀န်ဆောင်မှု ပေးနေခြင်းများကို ငွေကြေးတန်ဖိုးနှင့် ချိန်စက်ကြည့်ရန် ကြိုးစားနေသည်။ သဘာဝကပေးနေသော ၀န်ဆောင်မှုများတွင် လေနှင့် ရေကို သန့်စင်ပေးခြင်း၊ မြေဆီလွှာကို ထိန်းသိမ်း ကမ်းရိုးတန်း ဒေသများကို မုန်တိုင်း၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးခြင်း၊ ဂေဟခရီးသွားလုပ်ငန်းအတွက် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည်တို့ပါသည်။ ယင်းလေ့လာချက်အရ သစ်တောများ ဆုံးရှုံးပျောက်ကွယ်နေခြင်းကြောင့် တစ်နှစ်လျှင် ယင်းတို့ကပေးနေသော သဘာ၀၀န်ဆောင်မှုတန်ဖိုး ၂ ထရီလျံ ဒေါ်လာမှ ၅ ထရီလျံဒေါ်လာ ဆုံးရှုံးနေရကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်သည်။ ယင်းပမာဏမှာ မကြာမီက ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ဆုံးရှုံးခဲ့သော ငွေကြေးထက်ပင် များနေသည်။
ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစိတ်မျိုးကွဲများ ဆိုင်ရာ ရှုမြင်သုံးသပ်ချက်ဟု ခေါ်သော အစီရင်ခံစာအရ အချို့ဂေဟစနစ် များရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းနေမှုသည် “ဟန်ချက် ပျက်မှတ်”ကို ရောက်ရှိ ကျော်လွန်တော့မည်ဟု ယူဆရသည်။ သစ်တောများ လျင်မြန်စွာ ပြုန်းတီးကုန်ခြင်း၊ ရေကြောင်းလမ်းများတွင် အယ်လ်ဂျီအပင်ငယ်များ ဖုံးလွှမ်းသွားခြင်း၊ သန္တာကျောက်တန်းများ အလုံးအရင်းနှင့် ပျက်စီးကုန်ခြင်း စသည်တို့သည် မူရင်းအခြေအနေသို့ ပြန်မရောက်နိုင်တော့အောင် ယိုယွင်းခြင်းကို ဟန်ချက်ပျက်မှတ်ကို ကျော်လွန်သွားသည်ဟု ခေါ်သည်။
ဇီဝမျိုးစုံမျိုးကွဲများ မရှိဘဲလည်း လူတို့ ရှင်သန်နိုင်သည် သို့မဟုတ် ယင်းတို့သည် လူတို့အတွက် အရေးမပါလှသော အပိုသတ္တ၀ါများသာဟူသော အယူအဆမှားကြီးကို ရင်ဝယ်ပိုက်ထားမိနေကြခြင်းကြောင့် ထိုပြဿနာ ပေါ်ပေါက် ကြီးထွားလာနေရသည်။ အမှန်မှာ ယင်းတို့သည် လူတို့အတွက် မရှိမဖြစ် လိုအပ်သော အရာများသာ ဖြစ်ကြသည်။ ကမ္ဘာ့လူဦးရေသည် ယခု သန်း ၆၀၀၀ ခန့် ရှိနေပြီး ၂၀၅၀ ပြည့်နှစ်တွင် သန်း ၉၀၀၀ သို့ ရောက်လာမည်ဟု ခန့်မှန်းထားသည်။ လူများကား တိုးပွားစေ အခြားသက်ရှိများကား ယုတ်လျော့လိုက ယုတ်လျော့စေဟု သဘောထားလျှင် ကြီးစွာသော အခက်အခဲကို ကြုံမည်မှာ လူသားတို့ ကိုယ်တိုင်ပင် ဖြစ်တော့သည်။
(ဇီဝမျိုးစုံမျိုးကွဲများအကြောင်းကို ဥတုရာသီ ပြောင်းခဲ့ပြီ စာအုပ် စာမျက်နှာ ၁၂၄ မှ ၁၃၁ အတွင်း အကျယ်ဖတ်ရှုနိုင်ပါသည်။)
|
|
|
|