ကာဘွန်ဒိုင်အောက်ဆိုက်ကို လွဲမှားစွာစွဲချက်တင်လာခြင်း
1-Jun-10

    ရာသီဥတုပြောင်းလဲခြင်းသည် လူသားတစ်ရပ်လုံး၏ လုပ်ဆောင်ချက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၍ ယင်း၏ ဆိုးကျိုးများကို လျော့ပါးအောင် လုပ်ရန်၊ တန်ပြန်ရန်မှာလည်း လူသားတိုင်း၏ တာဝန်ပင် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲနေခြင်းဖြစ်စဉ်၏ အခြေခံသဘောတရား အပါအ၀င် ယင်းကို မည်သို့ ညီညာဖြဖြ အကောင်းဆုံး ရင်ဆိုင်ကြမည်ကို ကျယ်ပြန့်စွာ ရေးသား ဟောပြော အသိပေးကြရမည် ဖြစ်သည်။ ထိုသို့ ရေးသား ဟောပြော အသိပေးရန်မှာလည်း တစ်ဦး တစ်ဖွဲ့ တစ်နိုင်ငံတည်းသာ မဟုတ်ဘဲ စွမ်းဆောင်နိုင်သူအားလုံးက ပါဝင်လှုပ်ရှားကြရန် လိုအပ်သည်။
    ဖွံ့ဖြိုးဆဲနိုင်ငံများကို မဆိုထားဘိ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပါ ထိုသို့ အသိပေး ရေးသားဟောပြောမှုများမှာ ဖြစ်သင့်သလောက် မကျယ်ပြန့်သေးချေ။ လူသား အတော်များများသည် ရာသီဥတု ပြောင်းလဲနေခြင်းကို စိတ်မ၀င်စားကြသေးခြင်း၊ အချို့က လူ့ပယောဂကြောင့် ရာသီဥတုပြောင်းလဲနေသည် ဆိုခြင်းကို လက်မခံကြသေးခြင်းတို့က ယင်းအချက်ကို သက်သေထူနေသည်။
    သို့သော် အားတက်ဖွယ်အချက်မှာ ရာသီဥတု ပြောင်းလဲမှု လက္ခဏာများ ပိုမိုသိသာ ပြင်းထန်လာနေသည်နှင့်အမျှ ယင်းအကြောင်းကို ဦးစားပေး ရေးသားတင်ဆက်မှု တဖြည်းဖြည်း များပြားလာနေခြင်း ဖြစ်သည်။
    နောက်ဆုံးဥပမာတစ်ခုအဖြစ်ဖြင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်းက မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်၌ ရာသီဥတုပြောင်းလဲမှုအကြောင်းကို အထူး ဆောင်းပါးတစ်ခုအဖြစ် ထည့်သွင်းထားသည်ကို ညွှန်ပြလိုသည်။ အလွန်လိုအပ်နေသော ဆောင်းပါးဖြစ်၍ ဂရုတစိုက် ဖတ်ကြည့်မိသည်။
    သို့သော် ဖတ်ပြီးသောအခါတွင်မူ ယင်းကို တွေ့စက ဖြစ်ပေါ်ခဲ့သော အားတက်ခြင်း ၀မ်းသာခြင်းတို့မှာ ပျောက်ကွယ် သွားတော့သည်။ ယင်းဆောင်းပါးပါ အချက်အချို့မှာ မှားယွင်း လွဲချော်နေသည်ကို တွေ့ရ၍ ဖြစ်သည်။ အချို့မှာ အမှုမဲ့အမှား ဖြစ်၍ သိသာထင်ရှားသော်လည်း အများအပြားမှာ သေချာစွာ လေ့လာမထားဘဲ အထင်ဖြင့် ရေးသားထားသည်။ ဆောင်းပါးရှင်၏ အထင် သို့မဟုတ် ယူဆချက်များမှာ တကယ့်လက်တွေ့နှင့် များစွာ ကွာဟလျက် ရှိသည်။
    ယင်းစာအုပ် စာမျက်နှာ ၁၃၈၊ ပထမကော်လံတွင် အောက်ပါအတိုင်း ဖတ်ရသည်။
    “အစဉ်ခဲနေသည့် အာတိတ်သမုဒ္ဒရာ၌ ရေခဲတုံးများ၏ အပူသည် လျော့နည်းလာနေသည်။”
    ဆောင်းပါးရှင်က ရေခဲတုံးများ၏ အပူချိန်တက်လာနေကြောင်း ဆိုလိုရင်း ဖြစ်ပါလိမ့်မည်။ အာတိတ်ရေခဲပြင် အပူချိန်တက်၍ အရည်ပျော်လာနေခြင်းကို ကမ္ဘာ့သတင်းများတွင် မကြာခဏ ဖတ်ရှုနေရသည်။ ထင်ရှားလှသော အမှားဖြစ်၍ စာဖတ်သူအားလုံးက မိမိဘာသာ ပြင်ဖတ်ယူနိုင်ပါသည်။
    သာမန်ပရိသတ် ပြင်ဖတ်ဖို့ မလွယ်လှသည့် အမှားများကို ထောက်ပြလိုပါသည်။
    “ဖန်လုံအိမ်ဓာတ်ငွေ့အမျိုးမျိုးရှိသည်။ ၄င်းတို့မှာ ကာဘွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရိုဂျင်အောက်ဆိုက် ..... ”(ယင်းစာအုပ် စာမျက်နှာ ၁၃၇၊ ဒုတိယကော်လံ)
    လေထုဆိုင်ရာဓာတုဗေဒနယ်ပယ်တွင် နိုက်ထရိုဂျင် အောက်ဆိုက်ဟု ဆိုလျှင် Nitric oxide(NO)နှင့် Nitrogen dioxide(NO2) တို့ကို ရည်ညွှန်းပါသည်။ ယင်းနှစ်မျိုးလုံးကို ဖန်လုံအိမ် ဓာတ်ငွေ့များဟု ပညာရှင်များက မသတ်မှတ်ပါ။ နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် ပေါင်းစပ်ထားသည့် အခြားဓာတ်တစ်မျိုးဖြစ်သော Nitrous oxide (N2O)ကိုသာ ဖန်လုံအိမ်ဓာတ်ငွေ့ဟု သတ်မှတ်ပါသည်။
    ဆောင်းပါးရှင်က ကာဘွန်ဒိုင်အောက်ဆိုက်ကို လူ့ကျန်းမာရေး၏ အန္တရာယ်ကြီးတစ်ခုအဖြစ် နေရာများစွာတွင် ရေးသားထားသည်။ ယင်းတို့ထဲမှ အချို့မှာ -
(၁) ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်သည် ကင်ဆာရောဂါကို ဖြစ်စေနိုင်ကြောင်း၊ သို့မဟုတ် ကာဘွန်ဒိုင်အောက်ဆိုက်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောဒြပ်တစ်ခုဟု ကောက်ချက်ချနိုင်သည်။ (ယင်းစာအုပ် စာမျက်နှာ ၁၃၇၊ ပထမကော်လံ)
(၂) ကာဘွန်ဒိုင်အောက်ဆိုက်က အဆုပ်ကင်ဆာကို ဖြစ်စေနိုင်ကြောင်း ယူဆနိုင်သည်။ (ယင်းစာအုပ် စာမျက်နှာ ၁၄၃၊ ဒုတိယကော်လံ)
(၃) ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူခြင်း၊ ကာဘွန်ဒိုင်အောက်ဆိုက် ပျော်ဝင်နေသော ဖျော်ရည်များ(Carbonated Drinks)ကို မှန်မှန်သောက်သုံးသူများသည် ကင်ဆာရောဂါ၊ အဆုပ်ရောဂါအစရှိသည့် ရောဂါဆိုးများ ဖြစ်နိုင်ကြောင်း သိရှိနိုင်သည်။ (ယင်းစာအုပ် စာမျက်နှာ ၁၄၄၊ ဒုတိယကော်လံ)
    ယနေ့တစ်ကမ္ဘာလုံးတွင် ကိုကာကိုလာ အစရှိသည့် ကာဘွန်ဒိုင်အောက်ဆိုက် ပျော်ဝင်နေသော အချိုရည်အမျိုးမျိုးကို သောက်သုံးနေကြရာ ဆောင်းပါးရှင် ယူဆသည့်အတိုင်းသာ မှန်ပါက ကမ္ဘာတွင် ကင်ဆာရောဂါ မဖြစ်နိုင်သူ အလွန်ရှားသွားပါလိမ့်မည်။
    ကာဘွန်ဒိုင်အောက်ဆိုက်သည် လူ့ကျန်းမာရေးကို ထိခိုက်သည်ဟု အမေရိကန် ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက ဆုံးဖြတ်ချက်တော့ ရှိသည်။ သို့သော် ယင်း ဆုံးဖြတ်ချက်မှာ ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ဖြစ်ပေါ်သော လေထုပူနွေးမှု ရာသီဥတုပြောင်းမှု လေထုညစ်ညမ်းမှုတို့မှတစ်ဆင့် လူများ ရောဂါရ သေဆုံးကြသည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ကာဘွန်ဒိုင်အောက်ဆိုက်သည် သွယ်ဝိုက်၍ သို့မဟုတ် တစ်ဆင့်ခံ လူ့ကျန်းမာရေးကို အန္တရာယ်ပြုကြောင်း ကြေငြာခဲ့သည်။ ယင်းကြောင့် ကင်ဆာစသော ရောဂါများကို တိုက်ရိုက်ဖြစ်စေသည်ဟု မည်သည့်အဖွဲ့အစည်းကမျှ မပြောပါ။ ဤအချက်ကို ဆောင်းပါးရှင်က တစ်နေရာတွင် အောက်ပါအတိုင်း အသိအမှတ်ပြု ရေးသားထားသည်။
    “ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ဆေးပညာအဖွဲ့အစည်းများက ကာဘွန်ဒိုင်အောက်ဆိုက်သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု တိကျပြတ်သားစွာ ဖော်ပြထားသည်ကို မတွေ့ရသေးပေ။” (ယင်းစာအုပ် စာမျက်နှာ ၁၄၃၊ ပထမနှင့် ဒုတိယကော်လံ)
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည်တို့က ကာဘွန်ဒိုင်အောက်ဆိုက်ကို ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်ကြောင်း မပြောသည်ကို ဆောင်းပါးရှင်က အားမလို အားမရဖြစ်ပြီး မိမိ အယူအဆကို အများပြည်သူက လက်ခံစေလိုသောစိတ်ဖြင့် ဆောင်းပါးတွင် ကြိမ်ဖန်များစွာ ထုတ်ဖော် ရေးသားထားပုံရသည်။ ဆောင်းပါးရှင်သည် မိမိယူဆချက်ကို ထုတ်ဖော်နိုင်သော်လည်း တစ်ကမ္ဘာလုံးမှ ပညာရှင်များ လက်ခံထားသည်နှင့် ဆန့်ကျင်နေသော ယူဆချက်ကို ယင်းဆောင်းပါး ပါရှိသည့်၊ စာဖတ်ပရိသတ်များက အလွန်ခိုင်လုံသည်ဟု သတ်မှတ်ထားသော စာအုပ်မျိုးတွင် ဖော်ပြခြင်းမှာ သင့် မသင့် စဉ်းစားစရာ ဖြစ်ပါသည်။
    ကာဘွန်ဒိုင်အောက်ဆိုက်သည် သာမန်ပမာဏမျှဖြင့် လူ့ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်ကာ ကင်ဆာစသော ရောဂါကြီးများ မဖြစ်စေနိုင်ကြောင်း စဉ်းစားလျှင် အလွယ်တကူ ပေါ်ပါသည်။ လူအပါအ၀င် လေကိုရှူ၍ အသက်ရှင်နေသူမှန်လျှင် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် မကင်းနိုင်ပါ။ မိမိတို့ ရှူထုတ်လိုက်သော ထွက်သက်လေတွင် ကာဘွန်ဒိုင်အောက်ဆိုက် အမြောက်အများ ပါသည်။ ယင်းတို့သည် လူတို့၏ အသက်ရှူလမ်းကြောင်းကို ဖြတ်၍ ခန္ဓာကိုယ်တွင်းမှ ထွက်လာ ပြီးမှသာ လေထဲသို့ ရောက်သည်။ ပွဲလမ်းသဘင်၊ ဘတ်စ်ကား စသော လူသူထူထပ်သော နေရာများရှိ လူတို့သည် အခြားသူတို့ ရှူထုတ်သော ကာဘွန်ဒိုင်အောက်ဆိုက်ကို အနည်းနှင့် အများ ရှူမိကြသည်သာ ဖြစ်သည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ခန္ဓာကိုယ် အတွင်း အပြင် ထိတွေ့မိ၍ ရောဂါရမည်ဆိုလျှင် ကာဘွန်ဒိုင်အောက်ဆိုက်သည် အကြီးမားဆုံး လူသတ်သမား ဖြစ်နေပါလိမ့်မည်။
    တစ်ဖန် ဆောင်းပါးရှင်သည် ကာဘွန်ဒိုင်အောက်ဆိုက်ကို ယင်းနှင့် မည်သို့မျှ မသက်ဆိုင်သော သဘာဝအန္တရာယ်တစ်ခု၏ တရားခံအဖြစ် ရေးသားထားသည်ကိုလည်း ဖတ်ရှုရ ပြန်သည်။
    “မိုးသည်းထန်စွာရွာသွန်းခြင်းသည် လေထုတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုက်ပြင်းအား မြင့်မားလာမှုကြောင့် ကမ္ဘာကြီးပူနွေးခြင်းနှင့် ရာသီဥတုဖောက်ပြန်မှု ဖြစ်သည့် သာဓကတစ်ခု ဖြစ်သည်။ အခြားသာဓကတစ်ခုအဖြစ် ၂၀၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အင်ဒိုနီးရှား ဆူနာမီရေလှိုင်းကြီး ဖြစ်သည်။”(ယင်းစာအုပ် စာမျက်နှာ ၁၄၀၊ ဒုတိယကော်လံ) အစချီကာ ဆူနာမီကြောင့် ဖြစ်ပေါ်သော အသေအပျောက် အပျက်အစီးများကို အသေးစိတ် ဖော်ပြထားသည်။
    ဆူနာမီလှိုင်းသည် ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ပေါ်ပေါက်သည်ဟု ဆိုလိုကြောင်း နားလည်ရသည်။ ဆူနာမီလှိုင်းများသည် ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ပေါ်လာခြင်း မဟုတ်ပါ၊ ရေအောက်ငလျင်ကြောင့် ပေါ်လာခြင်း ဖြစ်သည်။
    ၁၉၀၀ ပြည့်နှစ်မှ စ၍ လှုပ်ခါခဲ့သော ကမ္ဘာ့ငလျင်များ အနက် စတုတ္ထ အားအကောင်းဆုံး စာရင်းဝင်သည့် အင်ဒိုနီးရှား ငလျင်ကြီးသည်၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လှုပ်ခဲ့သည်။ ငလျင်တိုင်းတာရေးယူနစ်တစ်ခု ဖြစ်သော ရစ်ခ် တာ စကေး ၉ ရှိသော ယင်းငလျင်ကြောင့် ရေအောက်မြေလွှာများ အချင်းချင်း ထိစပ်ရာ အက်ကြောင်းကြီးတစ်လျှောက် အပေါ် အောက် ပေ ၃၀ ခန့် ကွဲထွက်ကာ တုန်ခါလှုပ်ခတ်မှုကြောင့် ယင်းမြေလွှာများပေါ်ရှိ ရေထုသည်လည်း လိုက်ပါတုန်ခါပြီး အဆိုပါနေရာက်ု ဗဟိုပြု၍ ရေထုကြီး ပတ်ဝန်းကျင် အရပ်ရပ်သို့ စတင် ရွေ့လျားခဲ့သည်။
    ရေထုကြီးသည် နက်ရှိုင်းသောပင်လယ်ရေပြင်ကျယ်ကို ဖြတ်ပြီးနောက် ကမ်းစပ်ရေတိမ်ပိုင်းကို ရောက်သောအခါ ရေတိမ်ပိုင်းကို ဆောင့်မိသော အရှိန်ကြောင့် လှိုင်းသည် မူလက ပေအနည်းငယ်သာမြင့်ရာမှ ပေ ၅၀၊ ပေ ၁၀၀ အထိ တဟုန်ထိုး မြင့်မားသွားကာ ဆူနာမီရေလှိုင်းအဖြစ် အသက်အိုးအိမ် စည်းစိမ်တို့ကို ဖျက်ဆီးခဲ့သည်။ သို့သော် ယင်းလှိုင်းသည် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် မည်သို့မျှ ဆက်စပ် ပတ်သက်မှု မရှိပါ။
    အဆိုပါ ဆောင်းပါးပါရှိရာ စာအုပ်သည် မြန်မာစာပေလောက၌ အစဉ်အဆက် သြဇာကြီးမားသောကြောင့် လည်းကောင်း၊ ဆောင်းပါးရှင်သည် ပါရဂူဘွဲ့ရ(မိုးလေ၀သနှင့် ရာသီဥတုဆိုင်ရာ ပါရဂူ မဟုတ်ပါ)တစ်ဦး ဖြစ်သောကြောင့် လည်းကောင်း စာဖတ်ပရိသတ်က အထက်ပါ အမှားများကို အမှန်ထင်သွားမည်ကို စိုးရိမ်မိပါသည်။
    ထိုဆောင်းပါးပါ အလွဲများကို ဆန့်ကျင်၍ တစ်ဦးတစ်ယောက်က အမှန်ကို ရေးလာလျှင် အမှားဟု ထင်သွားမည်ကိုလည်း စိုးရိမ်လှပါသည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change