ကမ္ဘာ၏ လေထုကို အပိုင်းများခွဲ၍ လေ့လာကြရာ အောက်ဆုံးအလွှာကို ထရိုပိုစဖီးယားဟု ခေါ်သည်။ ထရိုပိုစဖီးယား၏ အပေါ်တွင် စထရာတိုစဖီးယားအလွှာ ရှိသည်။ စထရာတိုစဖီးယားသည် အေးမြခြောက်သွေ့သော နေရာတစ်ခု ဖြစ်သည်။ ဘက်တီရီးယားများမှအစ ဂျက်လေယာဉ်များကိုပါ တွေ့နိုင်သော နေရာလည်း ဖြစ်သည်။ ဂြိုဟ်တုများ၊ မိုးလေ၀သပူဖောင်းများနှင့် တိုင်းတာချက်အရ စထရာတိုစဖီးယားရှိ ရေငွေ့ပမာဏသည် ၂၀၀၀ ပြည့်နှစ်မှစ၍ တွက်လျှင် ၁၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။ ရာသီဥတုဆိုင်ရာ ကွန်ပျူတာမော်ဒယ်များနှင့် တွက်ချက်ခန့်မှန်းချက်အရ ယင်းလျော့ကျသွားသည့် ပမာဏသည် မျက်နှာပြင်၏ အပူချိန်ကို သက်ရောက် ပြောင်းလဲစေနိုင်စွမ်း ရှိသည်။ ရေငွေ့ပမာဏ လျော့ကျလျှင် လှိုင်းအလျားရှည်သော ရောင်ခြည်များ မျက်နှာပြင်ပေါ် ပြန်ကျလာမှု နည်းသွားသဖြင့် မျက်နှာပြင်အပူချိန် လျော့နည်းသွားသည်။ အပြန်အားဖြင့် ရေငွေ့များလာလျှင် အပူချိန် တက်သည်။
စထရာတိုစဖီးယားသို့ ကမ္ဘာ့မျက်နှာပြင်မှ ရေငွေ့များသည် ထရိုပိုစဖီးယားအလွှာ၏ အပေါ်ရှိ ထရိုပိုစဖီးယားနှင့် စထရာတိုစဖီးယားတို့၏ နယ်ခြားဖြစ်သော ထရိုပိုပေါ့စ်ကို ဖြတ်၍ ရောက်ရှိလာတတ်သည်။ ၂၀၀၁ ခုနှစ်မှစ၍ ထရိုပိုပေါ့စ်တွင် အပူချိန် ကျဆင်းလာနေသဖြင့် စထရာတိုစဖီးယားအလွှာ၏ အောက်ပိုင်းသို့ ရေငွေ့များ အရောက်နည်းလာသည်။ ထရိုပိုပေါ့စ်တွင် အဘယ်ကြောင့် အပူချိန် ကျဆင်းနေရကြောင်းကို ပညာရှင်တို့ နားမလည်သေးချေ။
စထရာတိုစဖီးယားအလွှာတွင်း ရေငွေ့ပမာဏသည် ဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုးဖြစ်သော မီသိန်းပေါ်တွင်လည်း မူတည်နေသည်။ မီသိန်းသည် စထရာတိုစဖီးယားအလွှာတွင် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေမော်လီကျူးများ အဖြစ်သို့ ဓာတ်ပြောင်းသည်။ လောလောဆယ် လေထုတွင်းသို့ မီသိန်းဝင်ရောက်နှုန်း ကျဆင်းနေသဖြင့် စထရာတိုစဖီးယားရှိ ရေငွေ့ပမာဏလည်း လျော့နည်းနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက မီသိန်းဝင်ရောက်နှုန်း မြင့်တက်ခဲ့သော်လည်း လောလောဆယ် အ၀င်နည်းနေခြင်းကို ပညာရှင်တို့ နားမလည်နိုင်ကြချေ။ ၁၈ ရာစုနှစ်အတွင်းက မီသိန်းပမာဏသည် ယင်းနှစ်များ မတိုင်မီကထက် နှစ်ဆ မြင့်တက်ခဲ့ရာ စထရာတိုစဖီးယားရေငွေ့ပမာဏလည်း မြင့်တက်လာခဲ့သည်။
စထရာတိုစဖီးယားတွင် မည်သည့်အတွက်ကြောင့် ရေငွေ့နည်းလာနေသည်ကို တိကျစွာ သိနိုင်ရန် တိုင်းတာ လေ့လာမှုများကို ယခုထက် တိုး၍ လုပ်ရန် လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ၊ စထရာတိုစဖီးယားတွင် ရေငွေ့နည်းလာနေခြင်းကြောင့် ပူနွေးလာနေသော ကမ္ဘာကို အတန်ငယ် အပူသက်သာစေနိုင်သည်ဟု ယူဆကြသည်။
|
|
|
|