ကမ္ဘာ့ဖလားပွဲနှင့် ကာဘွန်ခြေရာ
11-Feb-10


    ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာနေခြင်း၏ အန္တရာယ် ကြီးမားပုံကို တစ်ချိန်ထက်တစ်ချိန် သဘောပေါက်လာကြသည်နှင့်အမျှ ယင်းကို တတ်နိုင်သမျှ လျှော့ချ တန်ပြန်ရန် နေရာအများအပြားတွင် ကြိုးစားလာလျက် ရှိသည်။ ယင်းကြိုးစားမှုများထဲတွင် မကြာမီ ကျင်းပတော့မည့် ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များလည်း ပါဝင်သည်။
    ရာသီဥတုပြောင်းလဲခြင်းသည် ရေနံအစရှိသည့် ရုပ်ကြွင်းလောင်စာများမှထွက်သော ကာဘွန်ဒိုင်အောက်ဆိုက် အဓိက ဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ဖြစ်ရာ လုပ်ဆောင်ချက်တစ်ခု၊ ဖြစ်စဉ်တစ်ခုက ရာသီဥတုပြောင်းလဲခြင်းကို မည်မျှ သက်ရောက်သည်ကို သိလိုလျှင် ယင်းလုပ်ဆောင်ချက်၊ ယင်းဖြစ်စဉ်မှ ကာဘွန်ဒိုင်အောက်ဆိုက် မည်မျှထွက်သနည်း ဆိုသည်ကို လေ့လာတွက်ချက်ကြရသည်။ တွက်ချက်ရရှိသော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏကို ယင်းလုပ်ဆောင်ချက်၏ “ကာဘွန်ခြေရာ” ဟု တင်စား ခေါ်ဝေါ်ကြသည်။
    ခေတ်သစ်ကမ္ဘာတွင် ကိစ္စများ လုပ်ဆောင်ချက်များ သည် ရုပ်ကြွင်းလောင်စာနှင့်ကင်းသော ကိစ္စက ခပ်ရှားရှားပင် ဖြစ်သည်။ မွေးဖွားသည်မှ သေဆုံးသည်အထိ ရုပ်ကြွင်းလောင်စာနှင့် ကင်း၍ အလွန်ခဲယဉ်းရာ ပုခက်တွင်းမှ သင်္ချိုင်းအထိ ကာဘွန်ခြေရာများ ထင်ကျန်ရစ်သည်ချည်းပင် ဖြစ်သည်။
    တွက်ချက်မှုများအရ တောင်အာဖရိက ကမ္ဘာ့ဖလားပွဲမှ ထင်ကျန်ရစ်မည့် ကာဘွန်ခြေရာများသည် တန်ချိန် ၂ ဒသမ ၇၅ သန်းမျှ ရှိမည်ဟု ဆိုသည်။ တစ်နည်းဆိုရလျှင် တောင်အာဖရိက ကမ္ဘာ့ဖလားပွဲကြောင့် ကာဘွနဒိုင်အောက် ဆိုက် တန်ချိန် ၂ ဒသမ ၇၅ သန်း လေထုတဲ ပိုဝင်လာမည်။ ယင်းပမာဏသည် နောက်ဆုံးကမ္ဘာ့ဖလားပွဲ၏ ကာဘွန်ခြေရာထက် ၉ ဆမျှ များသည်။ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့စဉ်က ကာဘွန်ခြေရာ တန်ချိန် ၁ ဒသမ ၁၈ သန်းမျှ ရှိခဲ့ရာ တောင်အာဖရိက ကမ္ဘာ့ဖလားပွဲ၏ ကာဘွန်ခြေရာသည် ဘေဂျင်းအိုလံပစ်ထက် နှစ်ဆမျှ ကြီးမည်။
    တောင်အာဖရိကဖလားပွဲတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ကာဘွန်ဒိုင်အောက်ဆိုက် အဓိကထွက်မည်။ ဓာတ်ငွေ့ တန်ချိန်စုစုပေါင်း ၂ ဒသမ ၇၅ သန်းအနက် ပြိုင်ပွဲဝင် ဘောလုံးအသင်းများနှင့် ပွဲကြည့်ပရိသတ်များကို ဆိုင်ရာနိုင်ငံများမှ တောင်အာဖရိကသို့ ပို့ပေးမည့် လေယာဉ်ခရီးစဉ်များမှ ကာဘွန်ဒိုင်အောက်ဆိုက် ၆၇ ရာခိုင်နှုန်း ထွက်မည်ဟု ခန့်မှန်း ထားသည်။
    ဧရိယာ စတုရန်းမိုင် ၅ သိန်းခန့် ကျယ်ဝန်းသည့် တောင်အာဖရိကနိုင်ငံတွင် စုစုပေါင်း ဘောလုံးပွဲ ၆၄ ပွဲကို မြို့ကြီး ၉ မြို့၌ ခွဲ၍ ကျင်းပရန် စီစဉ်ထားသည်။ ကျယ်ဝန်းသော နိုင်ငံ ဖြစ်သည့်အတိုင်း တစ်မြို့နှင့် တစ်မြို့တို့အကြား အကွာအဝေးက မနည်းလှပေ။ ဥပမာ အင်္ဂလန်နှင့် အယ်လ်ဂျီးရီးယားတို့ အုပ်စုပွဲကစားကြမည့် ကိပ်တောင်းမြို့နှင့် ဘရာဇီးနှင့် မြောက်ကိုးရီးယားတို့ ကစားမည့် ဂျိုဟန်နက်စဘတ်တို့သည် မိုင် ၈၈၀ ဝေးသည်။ ကားဖြင့် သွားလျှင် ၁၇ နာရီ ကြာသည်။ ဥရောပနှင့် ဂျပန်တို့တွင်ကဲ့သို့ အမြန်ရထားများမရှိသဖြင့် အဓိက လေကြောင်းခရီးဖြင့်သာ သွားကြရမည်။ ယင်းမြို့များအကြား ဘောလုံးသမားများ၊ အုပ်ချုပ်သူများနှင့် ပရိသတ်များ လူးလာဆန်ခတ် ပျံသန်းပေးမည့် လေယာဉ်ခရီးစဉ်များမှ ကာဘွန်ဒိုင်အောက်ဆိုက် ၁၈ ရာခိုင်နှုန်း ထွက်မည်။
    ထို့ပြင် မြို့တွင်းသွားလာမှုများအတွက် ကာဘွန်ဒိုင် အောက်ဆိုက် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ကစားသမားများနှင့် ပွဲကြည့်ပရိသတ်များ တည်းခိုသည့် ဟိုတယ်များမှ ၁၂ ဒသမ ၄ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး ထွက်မည်။
    တောင်အာဖရိက အာဏာပိုင်များသည် ကမ္ဘာ့ဖလားပွဲ ကျင်းပမည့် ဘောလုံးကွင်းများကို တည်ဆောက်ရာတွင် တတ်နိုင်သမျှ ကာဘွန်အထွက်နည်းသည့် နည်းပညာများကို အသုံးပြုထားသည်။ ကွင်းမြက်ခင်းများကို ဖြန်းရာ၌ သောက်သုံးရန် အဆင့်မရှိသည့် ဒုတ်ယတန်းစားရေများကို သုံးသည်။ အမျိုးသားသုံး ဆီးသွားခွက်များတွင် ရေမသုံးဘဲ သန့်စင်သည့် နည်းပညာကို သုံးထားသည်။ အစားအသောက်များကို ထည့်ရာတွင် တစ်ခါသုံးဘူးများကို တတ်နိုင်သလောက် ရှောင်ပြီး ပြန်သုံးနိုင်သည့် ထည့်စရာနှင့် ပန်းကန်ခွက်ယောက်များကို သုံးသည်။
    ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်း ၃၂ သင်းနှင့် လာရောက်အားပေးမည့် ပရိသတ်တို့ကို ကာဘွန်ဒိုင်အောက်ဆိုက် နည်းနိုင်သမျှ နည်းအောင်ကူညီကြပါဟု ကုလသမဂ္ဂအရာရှိတို့က မေတ္တာရပ်ခံထားသည်။ ကူညီလိုသူတို့သည် ကာဘွန်ခရက်ဒစ်များကို ၀ယ်ယူခြင်းဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို လျော့ပါးအောင် ကူညီနိုင်သည်။
    ကာဘွန်ခရက်ဒစ်သည် ကာဘွန် အရောင်းအ၀ယ် ဈေးကွက်တွင် သုံးသော ငွေကြေးယူနစ်တစ်မျိုးဟု ဆိုနိုင်သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျိုတိုစာချုပ်အရ စာချုပ်ဝင်နိုင်ငံများသည် မိမိတို့ ရသည့် ကာဘွန်ခွဲတမ်းအတိုင်းသာ ကာဘွန်ဒိုင်အောက်ဆိုက်ကို ထုတ်နိုင်သည်။ ပိုထုတ်လိုလျှင် ကာဘွန်ခရက်ဒစ်ကို ၀ယ်ရသည်။
    ကာဘွန်ဒိုင်အောက်ဆိုက်ကို မိမိတို့ ရရှိထားသည့် ခွဲတမ်းထက် လျှော့ထုတ်သူများ၊ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်သည့် သစ်တောစိုက်ပျိုးသူများ၊ ထိုသို့ စိုက်ရန် ထောက်ပံ့သူ များသည် ကာဘွန်ခရက်ဒစ်ကို ပိုင်ဆိုင်သူ ရောင်းချသူများ ဖြစ်သည်။ ကာဘွန်ခရက်ဒစ်ကို ရောင်းချသူများသည် မိမိတို့ ရသော ၀င်ငွေများကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းများ၌ အသုံးချကြသည်။
    ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးအသင်းများနှင့် ပရိ သတ်များသည် ကာဘွန်ခရက်ဒစ်များကို ဆိုင်ရာကုမ္ပဏီများမှလည်း ၀ယ်ယူနိုင်သကဲ့သို့ တောင်အာဖရိကအစိုးရက ကမကထ ပြုလုပ်နေသော စိမ်းလန်းရေးစီမံချက်များတွင်လည်း အလှူငွေ ထည့်ဝင်နိုင်သည်။ ဥပမာ တောင်အာဖရိက ကျေးရွာများတွင် တည်ဆောက်နေသော နေရောင်စွမ်းအင်သုံး အပူပေးစနစ်အတွက် အလှူငွေများ ထည့်သွင်းခြင်းမျိုး ဖြစ်သည်။
    ကုလသမဂ္ဂ၏ မေတ္တာရပ်ခံချက်ကို ဥရုဂွေး၊ ကိုးရီး ယားနှင့် ဆားဘီးယားဘောလုံးအသင်းတို့က လိုက်နာကြမည် ဖြစ်ပြီး အင်္ဂလန်ကလည်း လိုက်ပါပူးပေါင်းရန် စဉ်းစားနေသည်။ အင်္ဂလန်အသင်းကို အားပေးသည့် ပရိသတ် ၁၂၇၀၀ ခန့်သည် တောင်အာဖရိကသို့ လာရာတွင် စုစုပေါင်း မိုင် သန်း ၁၃၀ မျှ ပျံသန်းလာရမည် ဖြစ်ရာ ယင်းခရီးစဉ်များမှ ကာဘွန်ဒိုင်အောက်ဆိုက် တန်ချိန် ၅၃၀၀၀ ထွက်မည်ဟု ခန့်မှန်းထားသည်။ ယင်းကာဘွန်တို့ကို ထေမိစေရန် ခရီးစဉ် တစ်ခုလျှင် ၂၅ စတာလင်ပေါင်ဖိုးသော ကာဘွန်ခရက်ဒစ်ကို ၀ယ်ယူအားပေးရန် လိုအပ်သည်။
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change