အိုင်ပီစီစီ၏ အမှား၊ မြန်မာ မီဒီယာအချို့၏ အမှား
20-Jan-10

    ဟိမ၀န္တာရေခဲပြင်များ အရည်ပျော်နေမှု အခြေအနေနှင့် ပတ်သက်၍ မိမိတို့၏ ၂၀၀၇ ခုနှစ် အစီရင်ခံစာတွင် မှားယွင်းဖော်ပြခဲ့မိကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့ (အိုင်ပီစီစီ)က ၀န်ခံလိုက်သည်။ ဟိမ၀န္တာရေခဲပြင်နှင့် ရေခဲမြစ်များသည် အခြားနေရာများတွင်ထက် ပိုမိုလျင်မြန်စွာ အရည်ပျော်နေပြီး ၂၀၃၅ ခုနှစ်တွင် လုံးဝပျောက်ကွယ်သွားနိုင်ခြေ များစွာရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ပါရှိခဲ့သည်။ ယင်းအချက်ကို ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့က Working Group on Himalayan Glaciology of the International Commission for Snow and Ice၏ အစီရင်ခံစာကို ကိုးကား၍ ရေးသားခဲ့သည်ကို အိုင်ပီစီစီက ထပ်ဆင့် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ရန်ပုံငွေအဖွဲ့မှ မကြာမီက ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့ ကိုးကားသော မူရင်းအစီရင်ခံစာတွင် ဟိမ၀န္တာရေခဲပြင် ထိုမျှ မြန်ဆန်စွာ အရည်ပျော်လာနေသည်ဟု မပါရှိသော်လည်း ပါရှိသည်ဟု မှားယွင်းစွာ ကိုးကားရေးသားခဲ့မိသည်ဟု ၀န်ခံထားသည်။
    အိုင်ပီစီစီ၏ ဟိမ၀န္တာရေခဲပြင်များ အရည်ပျော်နေမှု အခြေအနေ ဖော်ပြချက်ကို မီဒီယာ အများအပြား တွင်လည်း ထပ်ဆင့် ဖော်ပြရေးသားခဲ့သည်။ ဤအဖြစ်အပျက်က ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ရေးသားရာတွင် ယခုထက် ပိုမိုလေ့လာပြီးမှ ရေးသားရန် လိုကြောင်း သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
    မြန်မာစာနယ်ဇင်းအချို့တွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ရေးသားရာတွင် မှားယွင်းစွာ ရေးသားမှုများ ရှိနေရာ အချို့မှာ အထက်ပါ ဖြစ်ရပ်ကဲ့သို့ မိမိကိုးကားရာ ဇာစ်မြစ်ကပင် မှားယွင်းနေမှုမျိုး ဖြစ်ပြီး အချို့မှာ သေချာစွာ လေ့လာခြင်းမရှိဘဲ လက်လွတ်စပယ် ရေးသားမှုများ ဖြစ်ကြောင်း တွေ့ရှိရသည်။
    ဥပမာ လွန်ခဲ့သော လအနည်းငယ်က ထိပ်တန်းမြန်မာဂျာနယ်ကြီးတစ်စောင်တွင် အိုဇုန်းလွှာပေါက်၍ ကမ္ဘာကြီး ပိုပူလာနေသည် ဆိုသော ရေးသားချက်မျိုး ဖြစ်သည်။ အိုဇုန်းလွှာပေါက်မှုနှင့် ကမ္ဘာပိုပူလာနေမှုတို့မှာ သီးခြားဖြစ်စဉ်များ ဖြစ်ကြသော်လည်း အဆိုပါဂျာနယ်တွင် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်” ဆိုသူတစ်ဦးကို ကိုးကား၍ အိုဇုန်းပေါက်၍ ကမ္ဘာပူလာနေဟု မှားယွင်းစွာ ဖော်ပြခဲ့သည်။ အဆိုပါအမှားကို အချို့သော စာနယ်ဇင်းများတွင်လည်း မကြာခဏ ရေးသားဖော်ပြခဲ့ရာ မြန်မာစာဖတ်ပရိသတ်များကြားသို့ ယင်းအမှား ဆင့်ပွားရောက်ရှိသွားသည်မှာ မဖြစ်သင့်သော ကိစ္စပင် ဖြစ်သည်။ ဆင့်ပွားအမှားကြောင့် ဒေါက်တာဘွဲ့ရ နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီးတစ်ပါး၏ တရားတစ်ပုဒ်တွင် အိုဇုန်းပေါက်၍ ကမ္ဘာပူလာနေသည်ဟု ဟောကြားသွားသည်ကို နာယူလိုက်ရသည်။ ထို့အတူ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထုတ် မဂ္ဂဇင်းတစ်စောင်တွင် စာရေးဆရာတစ်ဦးက ထိုအမှားကိုပင် အမှန်ထင်ကာ ရေးသားထားသည်ကို တွေ့ရပြန်သည်။
    ဂျာနယ်တစ်စောင်တွင်မူ အခြားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ဆိုသူတစ်ဦးက ရုပ်ကြွင်းလောင်စာများ ကမ္ဘာပေါ်မှ ကုန်ခန်းသွားမည့်အကြောင်းကို ပြောရာတွင် ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့များ သုံးမျိုးအနက် ကျောက်မီးသွေးက အရင်ကုန်မည်၊ ၂၀၃၅ ခုနှစ်တွင် ကုန်မည်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့က နောက်မှ ကုန်မည်ဟု ပြောသည်။
    အမှန်မှာ ကျောက်မီးသွေးသည် နောက်ဆုံးမှ ကုန်မည့် ရုပ်ကြွင်းလောင်စာ ဖြစ်သည်။ ၂၂ ရာစုထဲအထိ ခံမည်ဟု တွက်ချက်ထားကြသည်။ ထို့ကြောင့် အမေရိကန်နှင့် တရုတ်အပါအ၀င် နိုင်ငံများသည် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ် စက်ရုံသစ်များကို ယနေ့ အင်တိုက်အားတိုက် တည်ဆောက်နေကြသည်။ အကယ်၍ ကျောက်မီးသွေးသာ ၂၀၃၅ ခုနှစ်(နောက် ၂၅ နှစ်အကြာ)တွင် ကုန်မည်ဆိုလျှင် ယင်းအတွက် မည်သူမျှ စက်ရုံသစ်များကို ဆောက်တော့မည် မဟုတ်ပေ။
    အဆိုပါ “ပညာရှင်”ကပင် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအတွင်း ထုတ်ဝေသော ထိပ်တန်း မြန်မာဂျာနယ်ကြီးတစ်စောင်တွင် ရာသီဥတုပြောင်းလဲရေးနှင့် ပတ်သက်သော အချက်အချို့ကို မှားယွင်းစွာ တင်ပြထားသည်ကို ဖတ်လိုက်ရသည်။
    ပရိသတ်ကြား ကျယ်ပြန့်စွာ ဆင့်ပွားရောက်ရှိသွားနိုင်သည့် အမှားများ ဖြစ်၍ ရေးသူ ပြောသူများနှင့် ဖော်ပြသော ဂျာနယ်များ အပါအ၀င် သက်ဆိုင်သူများအားလုံး ဂရုပြုဆင်ခြင်ကြဖို့ သင့်သည်ဟု ယူဆပါသည်။
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change