ရွှံ့ညွံဒေသများနှင့် ရေ၀ပ်စပါးခင်းတို့မှ မီသိန်းဓာတ်ငွေ့များ ထွက်ပေါ်နေကြောင်း ယခင်က သိခဲ့ကြသော်လည်း ယခုအခါ ဂြိုဟ်တုဓာတ်ပုံများ၏ ကျေးဇူးကြောင့် ထွက်နေသည့် ပမာဏကို အတော်တိကျစွာ သိရှိကြပြီ ဖြစ်သည်။ Envisat ဂြိုဟ်တုနှင့် GRACE ဂြိုဟ်တုတို့မှ ပေးပို့သော အချက်အလက်များကို အမေရိကန် သဘာဝ ပတ်ဝန်းကျင် ခန့်မှန်းရေးဌာန၊ အမျိုးသား လေထုသုတေသနဌာနတို့က တိုင်းတာထားသော မျက်နှာပြင်အပူချိန်များနှင့် ပေါင်းစပ်လေ့လာချက်အရ ရွှံ့ညွံဒေသများမှ မီသိန်းထွက်မှုသည် ကမ္ဘာ့မီသိန်း ထွက်ရှိမှု၏ ၅၃ ရာခိုင်နှုန်းမှ ၅၈ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရှိရသည်။
ပူနွေး၍ ရေ၀ပ်သော ရွှံ့ညွံဒေသများတွင် မီသိန်းထုတ် လေမဲ့ဘက်တီးရီးယားများ ကောင်းစွာ ရှင်သန်နိုင်သည်။ ပို၍ပူနွေး ပို၍စိုစွတ်သော နေရာများရှိ လေမဲ့ဘက်တီးရီးယားတို့သည် မီသိန်းကို ပိုထုတ်ပေးသည်။ မျက်နှာပြင်အပူချိန်ကို ထည့်တွက်ရခြင်းမှာ အပူချိန်မြင့်လျှင် မိသိန်းအထွက် ပိုသောကြောင့် ဖြစ်သည်။
လေ့လာချက်များအရ ၂၀၀၃ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း ရွှံ့ညွံဒေသ မီသိန်းထွက်နှုန်း ဆက်တိုက် မြင့်မားလာနေသည်။ အပူချိန်တက်နှုန်း ပိုမြန်နေသော အာတိတ် ရွှံ့ညွံဒေသများမှ ပိုထွက်နေရာ ယင်းနေရာများမှ ၂၀၀၇ ခုနှစ်ထွက် မီသိန်းပမာဏသည် ၂၀၀၃ ခုနှစ်ထွက် ပမာဏထက် ၃၀ ရာခိုင်နှုန်းခန့် ပိုလာသည်။ မီသိန်းအထွက်သည် တဖြည်းဖြည်းနှင့် “ထပ်တိုးသက်ရောက် တုံ့ပြန်မှုသံသရာ”ထဲ ရောက်ကာ အချိန်ကြာလာလေ မီသိန်းအထွက်များလေ ဖြစ်ပြီး နောက်ဆုံး “ဟန်ချက်ပျက်မှတ်”ကို ကျော်၍ မီသိန်းများ ထုနှင့်ထည်နှင့် လေထဲ ရောက်လာကာ ရာသီဥတု ပြောင်းလဲမှုကို မီးကူတိုက်ပေးမည့် အန္တရာယ် ရှိနေသည်။
|
|
|
|