ဒေသတစ်ခုတွင် အပူချိန် သာမန်ထက် မြင့်မားစွာ ရက်ဆက် ဖြစ်ပေါ်နေလျှင် အပူလှိုင်း ပေါ်ပေါက်သည်ဟု ဆိုကြသည်။ အပူလှိုင်းဖြစ်ပေါ်လျှင် လေထုတွင်း ရေငွေ့ ပါဝင်မှု များသဖြင့် အလွန် စိုထိုင်းနေတတ်သည်။
၂၀၀၃ ခုနှစ် နွေရာသီက ဥရောပတိုက်တွင် ပေါ် ပေါက်ခဲ့သည့် မိုးခေါင်မှုနှင့် အပူလှိုင်း ဖြစ်ပေါ်မှုတို့ကြောင့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာတို့တွင် အလွန်ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။ အပူချိန်သည် ဖြစ်နေကျထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ရာ အချို့နေရာများတွင် ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့သည်။
အပူလှိုင်း ဖြစ်ပေါ်ခဲ့ရခြင်းမှာ ဥရောပအနောက်ပိုင်းတွင် တည်ရှိခဲ့သည့် လေစိုင်တစ်ခုက အတ္တလန်တိတ် သမုဒ္ဒရာဘက်မှ ၀င်လာသော မိုးတိမ်တိုက်များကို ကုန်းတွင်းသို့ မ၀င်နိုင်အောင် ကာဆီးထားခဲ့ခြင်းကြောင့် ဖြစ်သည်။ မိုးတိမ်များ ကုန်းတွင်းသို့ ရက်အတန်ကြာ မ၀င်လာနိုင်ဘဲ ရှိနေခဲ့ရာတွင် ဥရောပတောာင်ဘက် မြေထဲပင်လယ်မှ ခြောက်သွေ့သောလေများသာ တိုက်ခတ်နေခဲ့သဖြင့် ဥရောပနေရာ အတော်များများတွင် ပူပြင်း ခြောက်သွေ့ မိုးခေါင်လာခဲ့သည်။
အပူလှိုင်းနှင့် မိုးခေါင်မှုတို့ကြောင့် ဥရောပစိုက်ခင်းများ၏ မြေဆီလွှာတွင် ရေဓာတ်လျော့နည်းသွားသည်။ သီးနှံများ ပျက်စီးကာ ထွက်သည့် သီးနှံများကလည်း အရည်အသွေး ကျဆင်းခဲ့သည်။ အပူဓာတ် ပိုလာသဖြင့် အသီးများ အချိန်စော၍ မှည့်သည့်အတွက် ခူးချိန်မတန်ဘဲ ဆွတ်ခူးခဲ့ရသည်။ သစ်ပင်သစ်တောများသည် အပူဒဏ်ကြောင့် အားလျော့ချည့်နဲ့ကာ အပင်ရောဂါ ထူပြောလာသည်။ ပိုးမွှားများ၏ တိုက်ခိုက်မှုကို ပိုခံကြရသည်။ တောမီး ပိုလောင်ခဲ့သည်။ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ သြစတြီးယား၊ ဖင်လန်၊ ဒိန်းမတ်၊ အိုင်ယာလန်နိုင်ငံတို့တွင် တောမီး အကြိမ် ၂၅၀၀၀ ခန့် လောင်ခဲ့သည်။ သစ်တော ဟက်တာ ၆၅၀၀၀၀ ခန့် ပျက်စီးခဲ့သည်။ စိုက်ခင်း ဟက်တာ ၄၅၀၀၀ ခန့်နှင့် လူနေဧရိယာ ဟက်တာ ၁၇၀၀ ခန့်လည်း တောမီးသင့်ခဲ့သည်။ ရေခဲမြစ်များနှင့် ရေသယံဇာတအရင်းအမြစ်များ ထိခိုက်လျော့နည်းခဲ့သည်။ နည်းမျိုးစုံဖြင့် ပျက်စီးဆုံးရှုံးမှုများ၏ တန်ဖိုးသည် ယူရိုငွေ ၁၃ ဘီလျံ ကျော်မျှ ရှိသည်။
အဆိုးရွားဆုံးမှာ အပူဒဏ်ကြောင့် သက်ကြီးရွယ်အို ထောင်ပေါင်းများစွာ အပါအ၀င် လူပေါင်း ၄၀၀၀၀ ခန့် သေကြေခဲ့ကြသည်။ လူ့ခန္ဓာကိုယ်သည် ၃၇ ဒီဂရီ စင်တီဂရိတ်တွင် ရှိနေအောင် ကိုယ်တွင်း ဇီဝဓာတုစနစ်က ထိန်းသိမ်းထားရာ အပူချိန်မြင့်လာလျှင် လျော့ကျသွားအောင် ချွေးထွက်လာသည်၊ သွေးများသည် အရေပြားနှင့် ပို၍နီးသော နေရာများသို့ ရောက်လာသည်။ သို့သော် အပူချိန် အလွန်မြင့်လာသောအခါ ဥပမာ ၄၀ ဒီဂရိ စင်တီဂရိတ်ထက် ကျော်သောအခါ အရေးပါသော ကိုယ်တွင်းအင်္ဂါများသည် ပုံမှန်အတိုင်း အလုပ်မလုပ်ကြတော့၍ အပူချိန်ကို မထိန်းနိုင်တော့ဘဲ သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ယေဘုယျ အားဖြင့် နွေအပူချိန်သည် ဖြစ်နေကျထက် ၁၀ ဒီဂရီ ဖာရင်ဟိုက်ခန့် တက်လာလျှင် အပူကြောင့် ဖြစ်သော ရောဂါများ သိသာစွာ မြင့်မားလာတတ်သည်။ စိုထိုင်းဆများသော နေရာတွင် အငွေ့ပျံမှု နည်းကာ ချွေးထွက်ခြင်းကို ဟန့်တားတတ်သည့်အတွက် အခြေအနေကို ပို၍ ဆိုးရွားစေတတ်သည်။ အပူချိန် လွန်ကဲစွာ မြင့်မားမှု ၂ ရက်ဆက်တိုက် ပေါ်ပေါက်နေလျှင် အပူဒဏ်ကြောင့် သေဆုံးရန် အလားအလာ များလာသည်။
အထူးသဖြင့် အပူလှိုင်းတို့သည် မြို့ပြနေ လူများကို ပို၍ အန္တရာယ်ပြုတတ်သည်။ မြို့ပြများတွင် နေရောင်ခြည် အပူဓာတ်ကို စုပ်ယူထားနိုင်သည့် အရောင်ရင့် အမိုးများနှင့် လမ်းများ ပေါများလှသဖြင့် အပူဓာတ်တို့သည် မြို့ကြီးပြကြီးများတွင် အပူကျွန်းကြီးများသဖွယ် ခိုအောင်းစုဖွဲ့နေကြသဖြင့် အနီးဝန်းကျင် ကျေးလက်တို့ထက် သိသာစွာ ပိုပူနေတတ်သည်။ ကျေးလက်များတွင် ညအခါ၌ အပူချိန် ကျဆင်းကာ အေးမြကြသော်လည်း မြို့ပြများတွင်မူ ညတွင်လည်း ကျေးလက်များတွင်လောက် အပူချိန်မကျတတ်ချေ။ မြို့ပြတွင် အဖြစ်များသည့် လေထုညစ်ညမ်းမှုကလည်း လူတို့၏ အသက်ရှူလမ်းကြောင်းနှင့် သွေးလည်ပတ်မှုကို အနှောင့်အယှက် ပေးခြင်းဖြင့် ပိုမို ဆိုးရွားစေသည်။
အပူလွန်ကဲ၍ သေဆုံးမှုများသည် လာမည့် အနှစ် ၂၀ အတွင်း ၂ ဆ မြင့်လာနိုင်သည်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့က ခန့်မှန်းသည်။ ၂၀ ရာစုနှစ်အတွင်း၌ ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၀ ဒသမ ၆ ဒီဂရိ စင်တီဂရိတ် တက်ခဲ့သည်။ ယခု ၂၁ ရာစု အတွင်းတွင်လည်း အပူချိန် တက်မှုမှာ တဖြည်းဖြည်း တိုးသထက် တိုး၍သာ လာနေသည်။ ၂၁ ရာစုအကုန်တွင် ကမ္ဘာ့ ပျမ်းမျှအပူချိန်သည် ယခုထက် အများဆုံး ၅ ဒသမ ၈ ဒီဂရီမှ အနည်းဆုံး ၁ ဒသမ ၄ ဒီဂရီ စင်တီဂရိတ် ပိုလာနိုင်သည်ဟု ခန့်မှန်းထားသည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာအစိုးရများကြား ဆက် သွယ်ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ)၏ ခန့်မှန်းချက်အရလည်း နောက်ထပ် အပူချိန်တက်ရန် သေချာနေရာ အထူးသဖြင့် ပင်လယ်ပိုင်းတွင်ထက် ကုန်းပိုင်းတွင် ပိုတက်ရန် ရှိနေသည်။ အပူလှိုင်းကြောင့် လူအသေအပျောက်လည်း မလွဲမသွေ ပိုများလာမည်ပင် ဖြစ်သည်။
အခြား သဘာဝဘေးအန္တရာယ်များနှင့် ယှဉ်လျှင် အပူလှိုင်းများ ဖြစ်ပေါ်မှုသည် လူတို့၏ စိတ်ဝင်စားမှု နည်းပါးသော်လည်း ရေကြီးခြင်း လေမုန်တိုင်းတို့ကြောင့် နှစ်စဉ် ဖြစ်ပေါ်သော အသေအပျောက်ထက် အပူလှိုင်းကြောင့် ဖြစ်ပေါ်သော အရေအတွက်က ပိုများသည်ဟု ဆိုသည်။ သို့စင်လျက် မီဒီယာများကလည်း အပူလှိုင်းအန္တရာယ်ကို အခြားသဘာဝဘေးတို့လောက် အလေးပေး ဖော်ပြမှု မရှိလှပေ။
၂၀၀၃ ခုနှစ် ဥရောပ အပူလှိုင်းသည် နောင်မကြာသော အနာဂတ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်ပေါ်လာနိုင်သည့် အပူလှိုင်းများအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တပ်လှန့်ပေးလိုက်ခြင်း ဖြစ်ရာ ယင်းဒဏ်ကို ရင်ဆိုင်နီုင်ရန် ဘက်ပေါင်းစုံက အားထုတ်ထားကြဖို့ လိုသည်။
|
|
|
|