အခြားသော ဂြိုဟ်များတွင် သက်ရှိသတ္တ၀ါများ ပေါက်ပွားရှင်သန်နေခြင်း ရှိ/ မရှိကို စူးစမ်းလိုကြသော သိပ္ပံပညာရှင်တို့သည် သက်ရှိ ဖြစ်ပေါ်ရန် အခြေခံလိုအပ်ချက် ဖြစ်သော ရေနှင့် ကာဘွန်ဓာတ်တို့ ယင်းဂြိုဟ်များပေါ်တွင် ရှိ/ မရှိကို ဦးစွာ လေ့လာကြရသည်။
ကာဘွန်သည် သက်ရှိတို့ ပေါက်ပွားရန် အခြေခံ လိုအပ်ချက်တစ်မျိုးအဖြစ် ပါဝင်နေရခြင်းမှာ ယင်းသည် ဓာတ်စင်များထဲတွင် အချင်းချင်းသော်လည်းကောင်း၊ အခြားဓာတ်များနှင့် သော်လည်းကောင်း ပေါင်းစည်းရန် အလွယ်ကူဆုံး အရည်အချင်းကို ပိုင်ဆိုင်သည့်အတွက် ဖြစ်သည်။ အပေါင်းအသင်း ခင်တွယ်သော ကာဘွန်အတမ်သည် အခြားအတမ် လေးခုအထိနှင့် ချိတ်ဆက်ပေါင်းစည်းနိုင်သည်။ ဥပမာ မီသိန်းတွင် ကာဘွန်အတမ်တစ်လုံးသည် ဟိုက်ဒရိုဂျင်အတမ် လေးလုံးနှင့် ပေါင်းစည်းဖြစ်ပေါ်နေသည်။
ထို့ပြင် ကာဘွန်ဖြင့် ဖွဲ့စည်းထားသော ဓာတ်ပေါင်းများသည် ခိုင်မြဲမှု အားနည်းသဖြင့် ပြိုကွဲလွယ်သလောက် အခြားဓာတ်ပေါင်းများနှင့် ပြန်လည်ပေါင်းစည်းရန်လည်း လွယ်ကူကြသည်။ သက်ရှိတို့သည် မိမိ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစွာ နေထိုင်ရန် လိုအပ်ပြီး ပတ်ဝန်းကျင် အခြေအနေ ပြောင်းလျှင် မိမိတို့၏ ခန္ဓာကိုယ်တွင် ဇီဝနှင့် ဓာတုသဘောများလည်း လိုက်ပြောင်းပေးရန် လိုအပ်ရာ ကာဘွန်၏ ပေါင်းလွယ် ပျက်လွယ်သော အချက်က သက်ရှိတို့ ရှင်သန်ရေးကို ကြီးစွာ အထောက်အကူပြုသည်။ လူသားတစ်ဦး၏ ဒြပ်ထု၏ ၁၈ ရာခိုင်နှုန်းမှာ ကာဘွန်များ ဖြစ်ရာ အောက်ဆီဂျင် (၆၅ ရာခိုင်နှုန်း)ပြီးလျှင် လူ့ကိုယ်တွင်း၌ အများဆုံး ဖြစ်သည်။
လူ့ကိုယ်တွင် ပီအိပ်ခ်ျအမှတ် (၀ါ) အက်ဆစ်ဓာတ် အနည်းအများကို အလောတော် ဖြစ်နေအောင် ထိန်းချုပ်ရာတွင် ကာဘွန်၏ ကဏ္ဍသည် အရေးပါသည်။ လူ့ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်မှ “အညစ်အကြေးများ” အဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်လာရာ ယင်းတို့ ခန္ဓာကိုယ်တွင် စုပုံများပြားလာလျှင် လူကို အန္တရာယ် ဖြစ်စေသည့်အတွက် အသက်ရှူစနစ်မှ တစ်ဆင့် စွန့်ထုတ်ရသည်။
ဤတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ သစ်ပင်တို့သည် လေထုတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ခြင်းဖြင့် ကမ္ဘာကို အကျိုးပြုသည်ဟုဆိုလျှင် အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူထုတ်ကြသော လူတို့သည် ကမ္ဘာ၏အကျိုးကို ဖျက်ဆီးသူများ ဖြစ်မနေဘူးလားဟု အချို့က ကတ်သီးကတ်သတ် မေးလိုကြသည်။
လူတစ်ဦးသည် ၁ ရက်လျှင် ပျမ်းမျှ ကာဘွန်ဒိုင် အောက်ဆိုက် ၂ ဒသမ ၃ ပေါင်ကို ရှူထုတ်သည်။ အလှုပ်အရှား များသောသူများဆိုလျှင် ယင်းပမာဏ၏ ၅ ဆ ၆ ဆမျှ ပိုထွက်သည်။ လူတစ်ဦးချင်း ရှူထုတ်သော ကာဘွန်ဒိုင်အောက်ဆိုက်သည် မများသော်လည်း လက်ရှိလူဦးရေ သန်း ၆၀၀၀ ခန့်က ရှူထုတ်လိုက်သော ဓာတ်ငွေ့ပမာဏသည် မနည်းလှပေ။ မကြာမီ ကမ္ဘာ့လူဦးရေသည် သန်း ၇၀၀၀ ခန့် ရောက်မည်ဟု ခန့်မှန်းထားရာ လူသန်း ၇၀၀၀ က ၁ နှစ် အတွင်း ရှူထုတ်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၂ ဒသမ ၉၄ ဘီလျံတန်မျှ ရှိသည်။ ယင်းမှာ ရုပ်ကြွင်းလောင်စာသုံးစွဲခြင်း စသည့် အခြားလူ့ပယောဂများကြောင့် ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ၏ ၈ ဒသမ ၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်းက တစ်ကမ္ဘာလုံး ရုပ်ကြွင်းလောင်စာအသုံးမှ ထွက်သော ဓာတ်ငွေ့ပမာဏသည် ၃၄ ဒသမ ၇ ဘီလျံတန် ရှိသည်။
လူတို့ ရှူထုတ်ရာမှ ထွက်သော ကာဘွန်ဒိုင်အောက် ဆိုက်ပမာဏသည် လူတို့စားသော ဂျုံ၊ ဆန်စပါး စသော သီးနှံများ အပင်များက စုပ်ယူထားသော ပမာဏနှင့် အကြမ်းအားဖြင့် ညီမျှသည်။ လူတို့က စားပင်များကို စိုက်၊ အပင်များက ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူသွင်း၊ ယင်းအပင်များကို လူတို့က စား၊ လူတို့၏ ထွက်သက်တွင် ကာဘွန်ဒိုင်အောက်ဆိုက်ပါသွား စသဖြင့် ပတ်လည်နေ၍ လက်တွေ့တွင် လူတို့က ကမ္ဘာကို ပူနွေးစေသည်ဟု လက်တွေ့တွင် မပြောနိုင်ချေ။
တစ်ဖန် လူ့ခန္ဓာကိုယ်သည် ရောက်လာသော ကာ ဘွန်ဒိုင်အောက်ဆိုက်များကို အကုန်ပြန်မထုတ်ဘဲ ကိုယ်တွင်း တစ်ရှူးများထဲတွင် သိုလှောင် သိမ်းဆည်းထားသည်။ ဥပမာ ပေါင် ၁၂၀ လေးသောသူ၏ ခန္ဓာကိုယ်တွင် ပျမ်းမျှ ကာဘွန် ၂၁ ဒသမ ၆ ပေါင်ခန့် ရှိနေသည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ တိုးတိုင်း လေထုတွင်းမှ ကာဘွန်တန်ချိန် သန်းပေါင်း ၁၀ ဒသမ ၈ မျှ တိုးလာသော လူတို့၏ ခန္ဓာကိုယ်တွင်းသို့ ရွှေ့ပြောင်းရောက်ရှိသည့်သဘောလည်း ဖြစ်သည်။ လက်ရှိနှုန်းအတိုင်းဆိုလျှင် ၁၂ နှစ်ကြာလျှင် ကမ္ဘာ့ လူဦးရေ သန်း ၁၀၀၀ တိုးလျက် ရှိသည်။ ယင်းကာဘွန်ပမာဏသည် ကားစီးရေ ၉ သန်းမှ ၁ နှစ်အတွင်း ထွက်သော ဓာတ်ငွေ့ပမာဏနှင့် ညီမျှသည်။
လူတစ်ဦး သေဆုံးသွားလျှင် ခန္ဓာကိုယ်တွင်းမှ ကာဘွန်အချို့ နှစ်ပေါင်းများစွာ လေထဲရောက်မလာချေ။ အရိုးသည် ဆွေးမြည့်ရန် နှစ်ပေါင်းများစွာ ကြာသဖြင့် အရိုးတွင်းရှိ ကာဘွန်များသည် လေထုတွင်းမှ ကြာရှည်စွာ လွတ်ထွက်နေကြသည်။
ဤသို့ဖြင့် ရှေးခေတ်လူတို့သည် ဇီဝကမ္မသဘောအရ လေထုတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်ကို ဖယ်ရှားပေးခဲ့သော်လည်း ခေတ်လူတို့သည် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုများ စသည်မှတစ်ဆင့် ကာဘွန်များကို လေထုတွင်းသို့ အသားတင် ထုတ်လွှတ်သွတ်သွင်းလျက် ရှိသည်။ ပျမ်းမျှ အမေရိကန် တစ်ဦးသည် ၂၀၀၈ ခုနှစ်အတွင်းက ကာဘွန် ၁၁၄၄၄ ပေါင်ကို ထုတ်လွှတ်ခဲ့ရာ သူ၏ တစ်သက်တာတွင် ကာဘွန် ပေါင်ချိန် ၈၉၀၀၀၀ ကို ထုတ်လွှတ်သည်ဟု တွက်ချက်ရရှိသည်။
|
|
|
|