လေကို ယဉ်ပါးစေသူလေး
14-Nov-09
မာလာဝီနိုင်ငံသားကလေး ကမ်ကွမ်ဘာ သူ တီထွင်ထားသည့် လျှပ်စစ်ထုတ် လေရဟတ်

    အာဖရိကတိုက် မာလာဝီနိုင်ငံတွင် တစ်ချိန်က နှစ်အတန်ကြာ မိုးခေါင်နေခဲ့သဖြင့် လူထောင်နှင့် ချီ၍ သေဆုံးခဲ့သည်။ သီးနှံ စိုက်ပျိုး၍ မရသဖြင့် အချို့ မာလာဝီနိုင်ငံသားများနည်းတူ ၀ီလျံကမ်ကွမ်ဘာ၏ မိသားစုသည် တစ်ရက်လျှင် တစ်နပ်သာ စားနေခဲ့ရသည်။ ၀ီလျံကမ်ကွမ်ဘာ၏ ဖခင်မှာ လယ်သမား ဖြစ်သော်လည်း မိုးခေါင်မှုဒဏ်ကြောင့် စိုကိပျိုး၍ မရတော့သဖြင့် ၀င်ငွေ လုံးဝ မရှိတော့ပေ။
    မိုးခေါင်နေသော်လည်း ကမ်ကွမ်ဘာတို့၏ မာစီ တာလာရွာတွင် ပေါပေါများများ တွေ့ရသည့် အရာတစ်ခုတော့ ရှိသည်။ ယင်းမှာ တသုန်သုန်တိုက်ခတ်နေသော လေ ဖြစ်၏။ “ရွာမှာ အပြောင်းအလဲ ဖြစ်အောင် ကျွန်တော် လုပ်ပေးချင်နေ တယ်၊ တခြားသူတွေက တိုက်ခတ်နေတဲ့ လေကို အမှီပြုပြီး လျှပ်စစ်ဓာတ် ထုတ်ယူနေနိုင်ရင် ငါလည်း ကြိုးစားသင့်တာပေါ့လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်” ၁၉၈၇ ခုနှစ်တွင် မွေးဖွား သော ၀ီလျံကမ်ကွမ်ဘာက ဆိုသည်။
    ကမ်ကွမ်ဘာသည် ကျောင်းစရိတ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀ နှင့် ညီမျှသော မာလာဝီငွေကို မပေးနိုင်၍ ကျောင်းမှ ထွက်ခဲ့ရသော်လည်း သူ့ရွာ စာကြည့်တိုက်ရှိ စာအုပ်တစ်အုပ်က သူ့ကို ယင်းသို့ ဆုံးဖြတ်ရန် တွန်းပို့လိုက် ခြင်း ဖြစ်၏။ ယင်းစာအုပ်တွင် လေရဟတ်များဖြင့် လျှပ်စစ်ဓာတ် ထုတ်ယူနည်းကို လက်တွေ့ကျကျ ရေးသားထားသည်။
    ထိုစဉ်က အသက် ၁၄ နှစ်မျှသာ ရှိသော ကမ်ကွမ် ဘာသည် ယင်းစာအုပ်ကို ရင်ဝယ်ပိုက်၍ အမှိုက်ပုံများထဲ ၀င်မွှေပြီး သူတည်ဆောက်မည့် လျှပ်စစ်ထုတ် လေရဟတ် အတွက် ပစ္စည်းများကို လိုက်ရှာသည်။ စက်ဘီးအပျက်များ၊ ပလတ်စတစ်ပိုက်များ၊ ကားဘက်ထရီအဟောင်းများ၊ ထရက် တာ ပန်ကာများ စသည်တို့ကို အမှိုက်ပုံထဲမှ ဆွဲထုတ်သည်။ ရွာအနီးရှိ သစ်ပင်မှ သစ်သားများ ရယူသည်။
    “ကျွန်တော်က လျှပ်စစ်ထုတ် လေရဟတ် ဆောက်ဖို့ လုပ်နေတာလို့ ပြောတော့ လူတွေ ကျွန်တော့ကို ၀ိုင်းဟား ကြတယ်၊ ကျွန်တော် ကြောင်နေတယ်လို့ ထင်နေကြတယ်” ဟု ကမ်ကွမ်ဘာက ၂၀၀၂ ခုနှစ်တွင် ပြောခဲ့သည်။ ကမ်ကွမ်ဘာ၏ မိခင်ကပင် သူ့သား ရူးနေသည်ဟု အထင်ရောက်ခဲ့သည်။
    စက်ဘီး အပျက်တစ်စီး၏ ဒိုင်နမိုဖြင့် တည်ဆောက် သော သူ၏ ပထမ လေရဟတ်သည် စဆောက်သည်မှ ၃ လအကြာတွင် ပြီးသည်။ လေရဟတ် စလည်သည်ဆိုလျှင်ပင် ယင်း၏အောက်ခြေရှိ မီးသီးလင်းလာသည်။ ယင်းမီးသီးနှင့် အတူ ကမ်ကွမ်ဘာ၏ ဘ၀သည်လည်း လင်းထိန် တောက်ပြောင်လာခဲ့တော့သည်။
    ယခုတော့ ကမ်ကွမ်ဘာသည် လျှပ်စစ်ထုတ် လေ ရဟတ် ၅ ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီ။ ယင်းတို့ ထဲမှ အမြင့်ဆုံးသည် ၃၇ ပေမျှ ရှိသည်။ ကမ်ကွမ်ဘာက အခြား စိတ်ဝင်စားသူများအား လေရဟတ်ဆောက်နည်း သင်ပေးနေသည့် သင်တန်းကျောင်းဝင်းထဲတွင် ၁ ခု ရှိသည်။
    လေရဟတ်များသည် လျှပ်စစ်ဓာတ် ထုတ်ပေးနေသည်။ ရွာအတွက် ရေတင်ပေးနေသည်။ အချို့ရွာသားများက ကမ်ကွမ်ဘာ၏ လေရဟတ်သို့ လာရောက်၍ သူတို့၏ လက်ကိုင်ဖုန်းများကို ဘက်ထရီ အားသွင်းကြသည်။ အချို့က လေရဟတ်မှ ထွက်သော လျှပ်စစ်ဖြင့် ရေဒီယို နားထောင်ကြ သည်။ စွန့်ဦးတီထွင်သူ ကမ်ကွမ်ဘာသည် နောက်ပိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်ကို တည်ဆောက်၍ ရွာအတွက် ရေပေးဝေပြီဖြစ်သည်။
    ယခုအခါ အသက် ၂၂ နှစ်အရွယ်ရောက်နေသည့် ကမ်ကွမ်ဘာသည် တောင်အာဖရိကရှိ နာမည်ကြီး ကျောင်း တစ်ကျောင်း ဖြစ်သော “အာဖရိကခေါင်းဆောင်မှု အကယ်ဒမီ” တွင် ပညာသင်ကြားလျက် ရှိသည်။ အလှူရှင်များက ကျောင်းစရိတ် ထောက်ပံ့ပေးသည်။
    ရာသီဥတု ပြောင်းလဲမှုနှင့် သဘာ၀၀န်းကျင် စိမ်း လန်းရေး လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်နေသူ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂေါကပင် ကမ်ကွမ်ဘာ၏ စွမ်းရည်ကို ချီးကျူးယူရသည်။ ကမ်ကွမ်ဘာသည် ယခုအခါ စွန့်ဦးတီထွင်သူတစ်ဦးအနေဖြင့် သူ၏ အတွေ့အကြုံများကို ရှင်းပြရန် အမြင်ဖလှယ်ရန် ကမ္ဘာအနှံ့သို့ ဖိတ်ကြားခံရသူ ဖြစ်လာသည်။ သူ တည်ဆောက်ခဲ့သော လေရဟတ်မှလွဲ၍ အခြားလေရဟတ်များကို ဓာတ်ပုံထဲမှာသာ မြင်ဖူးသူ ကမ်ကွမ်ဘာသည် အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ပမ်းစပရင်းသို့ ရောက်မှ ခေတ်မီလေရဟတ်အစစ်ကို မြင်ဖူးတော့သည်။
    ကမ်ကွမ်ဘာသည် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးရေးအတွက် ဆိုင်ရာအစိုးရများ၊ အဖွဲ့အစည်းများ၏ အကူအညီလာသည်အထိ စောင့်မနေဘဲ ကိုယ့်အားကိုယ်ကိုးသော အာဖရိက မျိုးဆက်သစ်များထဲမှ တစ်ဦး ဖြစ်သည်။ အေပီ သတင်း ထောက်ဟောင်းတစ်ဦး ဖြစ်သူ ဘရိုင်ယန်မီးလားက ကမ်ကွမ်ဘာ၏ အကြောင်းကို “လေကို ယဉ်ပါးစေသူလေး” အမည်ဖြင့် စာအုပ်ကို ရေးသား ထုတ်ဝေထားသည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change