ကာဘွန်ခြေရာကို ငယ်အောင် လုပ်ကြမှ
14-Sep-08

     မြက်တောထဲတွင် လူဖြတ်သွားသောအခါ မြက်ပင်များ ခေတ္တခဏ ပြိုလဲပိပြား၍ ကျန်ခဲ့သော်လည်း မကြာမီပင် ပြန်လည်ထောင်မတ်လာကြသဖြင့် လူတက်နင်းဖြတ်ကျော်သွားမှန်းပင် မသိနိုင်ကြချေ။ သို့သော် လူများ မကြာခဏ ဖြတ်သွားသောအခါ အကြိမ်ကြိမ် ဖိနင်းခဲ့သောဒဏ်သည် မြင်သာထင်သာ ရှိလာသည်။ ကြာသော် ယင်းနေရာတစ်လျှောက်တွင် မြက်ပင်များ ထပ်မပေါက်နိုင်ကြတော့ဘဲ လမ်းဖြစ်၍ ကျန်ခဲ့သည်။ မြက်တောထဲတွင် လူသွားလမ်းတစ်ခု ပေါ်လာခြင်း၍ လူတို့အတွက် အန္တရာယ်ကင်း၍ လွယ်ကူစွာ သွားလာနိုင်သော်လည်း လူ့ခြေရာတစ်ခုမှ အစပြုကာ လူနှင့်တိရစ္ဆာန်များ၊ ယာဉ်များ အကြိမ်ကြိမ် ဖြတ်သန်းရာမှ စိမ်းစိုလှပသည့် မြက်ခင်းပြင်ကြီး တစ်ခုလုံး ပြောင်သလင်းခါသွားသည်ကိုမူ မလိုလားအပ်ချေ။
     အထက်ပါဖြစ်ရပ်နှင့် အလားတူစွာ လူသားတို့၏ အိမ်ရာ၊ လမ်းပန်းဆက်သွယ်ရေးစနစ်၊ ဓာတ်အားစနစ်တည်ထောင်မှုများ၊ စိုက်ပျိုးမွေးမြူရေးအတွက် နယ်မြေအသုံးချမှုများ စသည်တို့ကြောင့် ရေမြေတောတောင်များသည် သဘာဝအတိုင်းမဟုတ်တော့ဘဲ လူလုပ်ပတ်ဝန်းကျင်ဘ၀သို့ ပြောင်းလဲလျက်ရှိသည်။ လူတို့၏ ပယောဂကြောင့် ထိုသို့ ပြောင်းလဲသွားသည်ကို သဘာဝပတ်ဝန်းကျင်တွင် ''လူ့ခြေရာများ ထင်ကျန်ရစ်ခြင်း''ဟု တင်စားခေါ်ဝေါ်ကြသည်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့မှ မြေရာရှုခင်းဆိုင်ရာဂေဟဗေဒပညာရှင် အဲရစ်ဆန်ဒါဆန်နှင့်အဖွဲ့က ဦးဆောင်ပြုလုပ်သော လေ့လာချက် တစ်ရပ်အရ ကမ္ဘာ့မြေပြင်ဧရိယာစုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းတွင် လူတို့၏ လုပ်ဆောင်ချက်ကြောင့် ပြောင်းလဲမှုများ သို့မဟုတ် ''လူ့ခြေရာများ''ကို တစ်မျိုးမဟုတ် တစ်မျိုး တွေ့ရသည်ဟု သိရသည်။
     ကမ္ဘာ၏မြေပြင်ဧရိယာသည် စတုရန်းမိုင် ၅၇၅ သိန်း ရှိသည်။ လက်ရှိကမ္ဘာ့လူဦးရေ သန်း ၆၆၀၀ နှင့် အချိုးချကြည့်လျှင် လူ ၁ ဦးအတွက် ၅ ဧကခွဲခန့် ပျမ်းမျှ အကျယ်အ၀န်း ရှိ၍ လူသူ မရောက်မပေါက်သေးသော နေရာအများအပြား ကျန်သေးသည်ဟု ထင်စရာ ဖြစ်သည်။ သို့သော် အထက်ပါ တွေ့ရှိချက်က လူတို့၏ လုပ်ဆောင်ချက်များသည် သဘာဝ ပတ်ဝန်းကျင်၏ အစိတ်အပိုင်းအများစုကို ၀င်ရောက်ပြောင်းလဲစေခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြလျက် ရှိသည်။
     လူ့ခြေရာများက သဘာဝပတ်ဝန်းကျင်ကို ပျက်စီး ပြောင်းလဲနေသည့် နည်းတူ လူတို့၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ''ကာဘွန်ခြေရာ (Carbon Footprint)''များသည်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ ရာသီဥတုကို ပြောင်းလဲစေလျက်ရှိသည်။ ကာဘွန်ခြေရာကို အဓိပ္ပာယ်ဖွင့်ရလျှင် လူတို့၏လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့ရာသီဥတုကို မည်မျှ ထိခိုက်ပြောင်းလဲမှု ရှိသည်ကို ယင်းလုပ်ဆောင်ချက်များမှ ထွက်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏဖြင့် တိုင်းတာဖော်ပြသော ကိန်းဂဏန်း ဖြစ်သည်။ ''ကာဘွန်ခြေရာ''ဝေါဟာရသည် ယခင်က ပညာရှင်တို့သာ သုံးစွဲနေခဲ့ကြရာမှ နှစ်အနည်းငယ်အတွင်း လူသိများလာကာ ယခုအခါ အောက်စဖို့အဘိဓာန်တွင်ပါ ထည့်သွင်းဖော်ပြရသည်အထိ တွင်ကျယ်လာခဲ့သည်။
     လူတို့ လျှပ်စစ်ဓာတ်အား သုံးစွဲသည့်အခါ ယင်းဓာတ်အားကို ထုတ်လုပ်ရန် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် ရုပ်ကြွင်းလောင်စာများကို လောင်မြိုက်သုံးစွဲရသည့်အတွက် ယင်းတို့မှ ကာဘွန်ဒိုင်အောက်ဆိုက် ထွက်လာသဖြင့် ကာဘွန်ခြေရာ ထင်ကျန်ရစ်သည်။ ထို့အတူ ကား ရထား လေယာဉ် စသည့် ယာဉ်များကို စီးလျှင် ယင်းတို့သွားလာပျံသန်းရန် လောင်စာသုံးရသဖြင့် ကာဘွန်ခြေရာများ ကျန်ရစ်သည်။ ရုပ်ကြွင်းလောင်စာများ သုံးစွဲထုတ်လုပ်ရသည့် အစားအသောက် အသုံးအဆောင်များကို သုံးစွဲလျှင်လည်း ကာဘွန်ခြေရာများ ကျန်ရစ်သည်။ ခေတ်သစ်ကမ္ဘာတွင် အစားအသောက် အများအပြားအပါအ၀င် လူ့အသုံးအဆောင်ပစ္စည်းအများစုသည် ရုပ်ကြွင်းလောင်စာများ သုံးစွဲထုတ်လုပ်ရမှုနှင့် မကင်းသဖြင့် လူတို့နေ့စဉ် စားသောက်နေထိုင်လုပ်ကိုင်မှုများကြောင့် ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲရောက်သည်။ ''ကာဘွန်ခြေရာများ'' တစ်နည်းမဟုတ် တစ်နည်းဖြင့် ထင်ကျန်ရစ်သည်သာ ဖြစ်သည်။
     လူတို့၏ နေထိုင်လုပ်ကိုင်စားသောက်သွားလာမှုမှ ကာဘွန်ခြေရာများ ထင်ကျန်မနေအောင်မှာ လက်တွေ့တွင် မဖြစ်နိုင်ချေ။ ကျောက်ခေတ်ကကဲ့သို့ လူသားများအားလုံး ဂူအောင်းကြပြီး မီးသုံးစွဲမှု လုံးဝရှောင်ရှားကြလျှင်တော့ လူ့ပယောဂကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်ထွက်ရှိမှုကို လုံးဝတားဆီးနိုင်လိမ့်မည်။ ထိုသို့ နေလျှင်သော်မှ မွေးမြူသော သတ္တ၀ါများမှ ထွက်သည့် နောက်ချေးစသည်တို့မှ ဖန်လုံအိမ် ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် မီသိန်းထွက်နေဦးမည်။ ဂူမအောင်းနိုင်ကြသော ခေတ်လူတို့အတွက် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဆိုးဆိုးဝါးဝါး အခြေအနေသို့ မရောက်အောင် ၀ိုင်းဝန်းကူညီ လုပ်ဆောင်နိုင်သည့်နည်းမှာ တစ်ဦးစီ၏ ကာဘွန်ခြေရာမကြီးစေဖို့ ဂရုစိုက်ကြရန် ဖြစ်သည်။
     စာရင်းဇယားများအရ ကာဘွန်ဒိုင်အောက်ဆိုက်များသည် ၁၉၇၀ ပြည့်နှစ်အတွင်းက ၁၅ ဂိုင်ဂါတန်၊ ၂၀၀၂ ခုနှစ် အတွင်းက ၂၆ ဂိုင်ဂါတန်၊ ၂၀၀၆ ခုနှစ်အတွင်းက ၃၁ ဂိုင်ဂါ တန်ခန့် လေထုတွင်း ရောက်ရှိခဲ့သည်။ (၁ ဂိုင်ဂါတန် = မက် ထရစ်တန် သန်း ၁၀၀၀)။ ယင်းပမာဏကို လက်ရှိကမ္ဘာ့လူဦးရေနှင့် အချိုးချပါက လူတစ်ဦးလျှင် ပျမ်းမျှ ၁ နှစ် ကာဘွန်ဒိုင် အောက်ဆိုက် ၄ ဒသမ ၆ တန် ထုတ်လုပ်နေသည့် သဘော၊ သို့မဟုတ် လူတစ်ဦးစီ၏ ပျမ်းမျှကာဘွန်ခြေရာသည် ၄ ဒသမ ၆ တန် ရှိသည်ဆိုသည့် သဘော ဖြစ်သည်။
     လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ သွားရေးလာရေးတွင် ယာဉ်အမျိုးမျိုး သုံးစွဲမှု၊ အစားအသောက် အနေအထိုင် စသည် တို့ကို စာရင်းပြုစု၍ နိုင်ငံအချို့ရှိ လူတစ်ဦးချင်း၏ ကာဘွန် ခြေရာကို တိုင်းတာတွက်ချက်ခဲ့ရာ အမေရိကန်တွင် ၂၁ တန်၊ သြစတေးလျတွင် ၁၆ တန်၊ ယူနိုက်တက်ကင်းဒမ်းတွင် ၁၆ တန်၊ ဂျပန်တွင် ၁၀ တန် စသဖြင့် အသီးသီး ရှိကြရာ ယင်းနိုင်ငံသားတို့၏ ကာဘွန်ခြေရာသည် ကမ္ဘာ့ပျမ်းမျှ ၄ ဒသမ ၆ တန်ထက် မြင့်မားလျက် ရှိသည်။ ကမ္ဘာ့ရာသီဥတုကို အလောတော် အခြေအနေ၌ ရေရှည်ထိန်းသိမ်းထားလိုပါက လူတစ်ဦးစီ၏ ပျမ်းမျှကာဘွန်ခြေရာကို ၂ တန်သို့ လျှော့ချရန် လိုအပ်သည်ဟု အချို့ပညာရှင်များက ဆိုသည်။
     ထို့ကြောင့် ယခုအချိန်ကပင် ပူလာနွေးလာလျက်ရှိသည့် ကမ္ဘာတွင် အပူကပ်ဘေးဆိုးကြီးဆိုက်သည့် အဆင့်မရောက်စေရန် စက်မှုလုပ်ငန်းများမှ ထွက်သည့် ကာဘွန်ဒိုင် အောက်ဆိုက်များကို သာမက လူတစ်ဦးချင်း၏ ကာဘွန်ခြေရာများကိုလည်း လျှော့ချရန် ကြိုးပမ်းမှုများ တစ်ကမ္ဘာလုံးတွင် စတင်လျက် ရှိသည်။ မိမိတို့၏ ကာဘွန်ခြေရာကို ငယ်နိုင်သမျှ ငယ်စေရန် လုပ်ဆောင်ချက်များတွင် လူတိုင်း, လူတိုင်း အိမ်တွင်းစွမ်းအင်သုံးစွဲမှု လျှော့ချ ချွေတာရေးမှ အစ ခရီးသွားလာရေးအလယ်၊ ကာဘွန်အထွက်နည်းသော ပစ္စည်းများကို သုံးစွဲရေးအထိ ဆောင်ရန်, ရှောင်ရန်များ ကျယ်ပြန့်စွာ ပါဝင်သည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change