|
ရာသီဥတုပြောင်းလဲမှုကို အများပြည်သူသိရှိအောင် ကြိုးပမ်းချက်များ
|
|
29-Oct-08
|
ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှုအန္တရာယ်တို့ဖြင့် အခြိမ်းခြောက်ခံနေရသောကမ္ဘာကို တိုင်းမဂ္ဂဇင်းက ၁၉၈၈ ခုနှစ်၏ အထူးခြားဆုံးဂြိုဟ်အဖြစ် ရွေးချယ်ကာ မျက်နှာဖုံးဆောင်းပါး ရေးသား၍ တပ်လှန့်ခဲ့သည်။
|
ရာသီဥတုပြောင်းလဲမှု၏ဒဏ်သည် ကမ္ဘာ့ မြေထု, ရေထု, လေထုနှင့် သယံဇာတများ၊ မျိုးစိတ်များ ရှင်သန်ရေး စသည်တို့ကိုပါ ထိခိုက်စေလျက် ရှိကြောင်း ကျယ်ပြန့်စွာ အသိပေးရန် လိုနေသေးသည်။
|
|
ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို လျော့ပါးအောင် ကြိုးစားနေကြရာ၌ အများပြည်သူသိရှိကာ တက်ကြွစွာ ပါဝင်လာရေးသည် အခရာကျလှသည်။ အများပြည်သူကို လှုံ့ဆော် ရာတွင် မီဒီယာအမျိုးမျိုး၏ ကဏ္ဍကို အားကိုးရသည်။ ဖန်လုံအိမ် ဓာတ်ငွေ့များနှင့် ဖန်လုံအိမ်အာနိသင်တို့အကြောင်းကို ၁၉ ရာစုနှစ် ကတည်းက လူတို့သိရှိခဲ့သော်လည်း ယင်းတို့ကြောင့် ရာသီဥတု ပြောင်းလဲခြင်းကို မီဒီယာများတွင် စတင်ဖော်ပြခဲ့သည်မှာ နှစ် ၅၀ ခန့်သာလျှင် ရှိသေးသည်။ အမေရိကန်တွင် ထိုစဉ်က နာမည်ကြီးမဂ္ဂဇင်းတစ်စောင် ဖြစ်သည့် The Saturday Evening Postတွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်မှာ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်သည့် ကမ္ဘာ့ပထမဆုံး ဖြစ်ဖွယ်ရာရှိသည်။ ယင်းဆောင်းပါး တွင် “ပြီးခဲ့သော ဆောင်းရာသီတွင် အအေးပေါ့ခဲ့ခြင်းမှာ သဘာဝအလျောက် ဖြစ်ခြင်းလော ? ကမ္ဘာကြီး ပူနွေးလာနေ သောကြောင့်လော?” ဟု မေးခွန်းထုတ်ထားသည်။ တစ်ဆက်တည်းတွင် ကမ္ဘာ့ရာသီဥတုသည် နေ၏ လှုပ်ရှားမှုကြောင့် ပြောင်းလဲနိုင်သည်ဟု ရေးသားခဲ့သော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ကိုမူ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။
ထင်သလောက်မကြီးသည့်ကမ္ဘာ
လူတို့၏ အမြင်တွင် ကမ္ဘာမြေပြင်သည် အဆုံး, အစမရှိဟု ထင်ရလောက်အောင် ကျယ်ပြန့်လှသည်။ အမှိုက်, အညစ်အကြေးစသည်တို့ကို ထုတ်ချင်တိုင်း ထုတ်၊ စွန့်ချင်တိုင်း စွန့်သည့်တိုင်အောင် မည်သည့်ဆိုးကျိုးမှမရှိဘဲ ကျယ်လွန်းလှသည့် မြေထု, ရေထု, လေထုထဲတွင် သဘာဝအလျောက် ပျောက်ကွယ်သွား စိမ့်ဝင်သွားမည်ဟု အထင်မှားခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် လသို့ သွားရောက်သည့် အာကာသယာဉ်မှူးများက ရိုက်ယူပေးပို့သော အပြောကျယ်လှသည့် လေဟာပြင်ထဲတွင် အထီးကျန်ဆန်စွာ လွင့်မျောနေသော ကမ္ဘာကို တွေ့လိုက်ရသောအခါ ကမ္ဘာသည် မိမိတို့ ထင်ထားသလောက် မကြီးလှသဖြင့် လူတို့၏ လုပ်ဆောင်မှုများကြောင့် ပတ်ဝန်းကျင် အလွယ်တကူ ညစ်ညမ်းလာနိုင်မှန်း စ,တင် သဘောပေါက်လာကြသည်။
သို့သော် ယင်းအချိန်က လူသားတို့ ကြုံတွေ့ခံစား နေကြရသည်မှာ ပူနွေးလာနေသော ရာသီဥတုမဟုတ်ဘဲ အခိုက်အတန့်အားဖြင့် ကျဆင်းနေသော အပူချိန်သာလျှင် ဖြစ်သည်။ အချို့က လေထုတွင်းရောက် အမှုန်များက နေရောင်ကို ကာဆီးထားသဖြင့် ကမ္ဘာ့အပူချိန် တဖြည်းဖြည်း ကျဆင်းလာနေသည်ဟု ယူဆခဲ့ကြသည်။ ပညာရှင် အများအပြားကမူ ကမ္ဘာကြီး အပူဘက်သို့ ဦးတည်လာနေကြောင်း ရိပ်မိခဲ့ကြ သည်။ ၁၉၇၂ ခုနှစ်ထုတ် “သဘာဝ ဂျာနယ်”တွင် ပညာရှင် ဂျေအက်စ်ဆောယားက ၂၀ ရာစု မကုန်မီ ကမ္ဘာ့အပူချိန်သည် ၀ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းခဲ့ရာ တကယ်တက်လာသည်နှင့် လွန်စွာ နီးစပ်သည်။ ၁၉၈၀ ပြည့်နှစ် မရောက်မီ ကလေးတွင်မူ အမေရိကန် အမျိုးသားသိပ္ပံ အကယ်ဒမီက မြင့်တက်လာနေသော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏကြောင့် ကမ္ဘာ့အပူချိန်လည်း တက်လာနေကြောင်း အတည်ပြုခဲ့သည်။ ကွန်ပျူတာ ရာသီဥတုမော်ဒယ်များဖြင့် တွက်ချက်မှုကလည်း ယင်းအချက်ကို ထောက်ခံသည်။
၁၉၈၀ ပြည့်နှစ်လွန်ကာလများတွင် ကမ္ဘာပူနွေးလာနေခြင်းအကြောင်း ဆွေးနွေးပြောဆိုနေမှုများ ရှိခဲ့သ်ာလည်း ယင်းဆွေးနွေးမှုများမှာ သုတေသနဌာနများ၊ ဓာတ်ခွဲခန်းများ၊ အစိုးရဌာနများတွင်သာ ဖြစ်ခဲ့ပြီး အများပြည်သူတို့အကြားသို့ ကျယ်ပြန့်စွာ မရောက်လာခဲ့ပေ။
အိုဇုန်းအပေါက်
၁၉၈၅ ခုနှစ်တွင် အန္တာတိတ်ဒေသ လေထု၌ အိုဇုန်းအပေါက်ကို တွေ့ရှိမှုသည် ကမ္ဘာ့ပတ်ဝန်းကျင် ရေးရာတွင် အများပြည်သူတို့ကို နိုးကြားလာစေသည့် အချက် ဖြစ်သည်။ အိုဇုန်းလွှာ ပေါက်နေခြင်းက ကမ္ဘာ့လေထုသည် လူတို့ ထင်ရာစိုင်းတိုင်း အပြောင်းအလဲမရှိ ကြံ့ကြံ့ခံနေမည်ဆိုသောအချက် မဟုတ်မှန်ကြောင်း ကွက်ကွက်ကွင်းကွင်း ပြလိုက်သည်။ တစ်ဖန် ၁၉၈၈ ခုနှစ်တွင် အမေရိကန်ပြည်၌ အပူလွန်ကဲကာ ရဲလိုးစတုန်းအမျိုးသားဥယျာဉ်တွင် တောမီး အကြီးအကျယ် လောင်ခြင်း၊ မစ္စစ္စပီမြစ်၏ အချို့အစိတ်အပိုင်းများ ခန်းခြောက်သွားခြင်းတို့ကို တွေ့ရသောအခါ ကမ္ဘာပူနွေးလာမှု၏ ဆိုးကျိုးများကို အမေရိကန်ပြည်သူတို့ မြည်းစမ်းခွင့် ရသွားကြသည်။ သိပ္ပံပညာရှင် ဂျိမ်စ်ဟန်ဆင် က အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ကမ္ဘာကြီး ပူနွေးလာနေသည်မှာ ၉၉ ရာခိုင်နှုန်း သေချာနေကြောင်း၊ ပူနွေးလာခြင်းမှာ လူ့ပယောဂကြောင့် အများကြီး ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သည်။
ယင်းနောက်ပိုင်းတွင် စာနယ်ဇင်းများက ရာသီဥတု ပြောင်းလဲမှု ပြဿနာကို အရေးတယူ ဖော်ပြလာခဲ့ကြသည်။ သြဇာကြီးမားသော တိုင်းမဂ္ဂဇင်းသည် နှစ်တစ်နှစ်ကုန်တိုင်း ယင်းနှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် သတင်းများပေါ်တွင် အခြေခံ၍ နှစ်၏ အထူးခြားဆုံး လူသားကို ရွေးချယ်လေ့ရှိသော်လည်း ၁၉၈၈ ခုနှစ်အတွက် ရွေးချယ်ရာတွင် လူကို မရွေးဘဲ “အခြိမ်းခြောက်ခံနေရသော ကမ္ဘာ”ကို ရွေးချယ်ခဲ့သည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရာသီဥတု ပူနွေးလာမှုတို့ကြောင့် ယိုယွင်းလာ နေသော ကမ္ဘာ့အခြေအနေကို မျက်နှာဖုံးဆောင်းပါးဖြင့် ဖော်ပြခဲ့သည်။
|
|
|
|
|
|
|
|
|
|
|
|
ထွက်ပြီ
ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။
ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here
စာမြည်းဖတ်ရှုလိုသော် Click here
|
|
|
|
|
|
|
|
|
|

Yahoo! News: Climate Change
|
|