လူတို့၏ ထိုးထွင်းကြံဆမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ၀န်းကျင်က စက်မှုတော်လှန်ရေးဟု ခေါ်သော ခေတ်ကို ဖန်တီးကာ စက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြု၍ စီးပွားရေး ဘ၀သစ်၊ လူနေမှုဘ၀သစ်များကို တည်ဆောက်နိုင်ခဲ့ သည်။ အကောင်းနှင့်အဆိုး ဒွန်တွဲနေတတ်သည့် သဘာဝအတိုင်း စက်မှုတော်လှန်ရေးသည် နောင်နှစ်ပေါင်း ရာနှင့်ချီအောင် ကမ္ဘာကို ဒုက္ခပေးမည့် ဧရာမ ဘေးထွက်ဆိုးကျိုးကြီးတစ်ခုကို မရည်ရွယ်ဘဲ ဖန်တီးပေးမိခဲ့သည်။ ယင်းမှာ စက်များကို ရုပ်ကြွင်းလောင်စာများဖြင့် မောင်းနှင်ခြင်းကြောင့် ကာဘွန်ဒိုင်အောက်ဆိုက် အပါအ၀င် ဖန်လုံအိမ် ဓာတ်ငွေ့များ လေထုတွင်း အလုံးအရင်းနှင့် ရောက်ရှိကာ ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲစေလျက် ရှိခြင်းဖြစ်သည်။ ရေကြီးခြင်း၊ ပင်လယ်ရေပြင် မြင့်တက်ခြင်း၊ ရောဂါဘယ ပိုမိုထူပြောလာခြင်း စသည့် ဒုက္ခအသွယ်သွယ်ကို ရင်ဆိုင်နေရသည်။ ယင်းအန္တရာယ်များ ဆိုးသထက် ဆိုးမလာစေရန် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး အတွက် လူတို့သည် မိမိတို့၏ ထိုးထွင်းကြံဆမှုကိုပင် ပြန်လည် အသုံးချနေရသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှု၏ အဓိကအကြောင်းဖြစ်သော ရုပ်ကြွင်းလောင်စာများနေရာတွင် ဖန်လုံအိမ် ဓာတ်ငွေ့မထွက်သည့် သို့မဟုတ် အထွက်နည်းသည့် အခြားစွမ်းအင်ဇာစ်မြစ်များကို သုံးစွဲနိုင်ရန် သုတေသနပြု ဖော်ထုတ်ခြင်း၊ ရုပ်ကြွင်းလောင်စာများကို မလွှဲသာ၍ သုံးစွဲနေရသေးခိုက် ယင်းတို့ကို တတ်နိုင်သမျှ စွမ်းအားပြည့် အသုံးချရန် နည်းလမ်းများ ရှာဖွေခြင်း စသည်တို့မှ ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုတွင်း မရောက်အောင် တားဆီးဖမ်းယူသိုလှောင်ရန် ကြံဆနေရခြင်း စသည်တို့အထိ ထိုးထွင်းကြံဆနေကြရသည်။
ရေနံကုန်သွားသော်လည်း ကျောက်မီးသွေး အမြောက်အများ ကျန်နေဦးမည်
ရုပ်ကြွင်းလောင်စာများ ဖြစ်သော ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့သည် တစ်ချိန်ချိန်တွင် ကုန်ခန်းသွားမည့် အရာများ ဖြစ်သည်။ ယင်းသုံးမျိုးတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့က ဦးစွာကုန်မည်။ မည်မျှ မြန်မြန် ကုန်မည်နည်းဆိုသည့် အချက်အပေါ်တွင်သာ ပညာရှင်တို့ ကွဲလွဲနေကြသည်။ ယင်းလောင်စာနှစ်မျိုးစလုံး မနက်ဖြန်တွင် ကုန်သွားသည့်တိုင်အောင်မှ ကျောက်မီးသွေးသိုက် အမြောက်အများ မြေလွှာများထဲတွင် ကျန်နေဦးမည်။ လက်ရှိ အခြေအနေတွင် ကမ္ဘာ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်သည် ကျောက်မီးသွေးသုံးစက်ရုံများမှ ရသည်။ တစ်ကမ္ဘာလုံးမှ ထွက်သည့် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ၏ လေးပုံတစ်ပုံခန့်သည် ကျောက်မီးသွေး လောင်မြှိုက်မှုမှ ထွက်ပေါ်သည်။ ပို၍ ဆိုးသည်မှာ ကျောက်မီးသွေး သုံးစွဲမှုကို ကန့်သတ်ရန် ထိထိရောက်ရောက် မကြိုးစားကြသေးခြင်းနှင့် ကျောက်မီးသွေး ပမာဏအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံများ(အမေရိကန်၊ တရုတ်၊ အိန္ဒိယ)သည် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ ကန့်သတ်ရန် ကြိုးပမ်းသည့် ကျိုတိုသဘောတူညီချက်တွင် မပါသေးသော နိုင်ငံများ ဖြစ်နေသည့်အချက်ပင် ဖြစ်သည်။ ထို့အပြင် အဆိုပါ သုံးနိုင်ငံသည် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်သည့် စက်ရုံသစ် အများအပြားကို ဆက်လက်တည်ဆောက်နေကြသည်။ တည်ဆောက်ပြီးစီးသည့်အခါ ယင်းစက်ရုံသစ်များမှ ထွက်လာမည့် စွမ်းအင်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် လက်ရှိထွက်နေသောပမာဏ၏ ထက်ဝက်မျှ ရှိလိမ့်မည်။
တားဆီး၍ မရနိုင်သော ကျောက်မီးသွေးစက်ရုံများနှင့် အခြားစွမ်းအင်ထုတ်စက်ရုံများ၏ ပြဿနာကို ကိုင်တွယ်ရာတွင် လက်တွေ့ကျသောနည်းမှာ လေလွင့်ဆုံးရှုံးမှု အနည်းဆုံး နှင့် တတ်နိုင်သမျှ စွမ်းအားပြည့် ထုတ်နိုင်သော စွမ်းရည်မြင့် နည်းပညာများကို အသုံးပြုရန် ဖြစ်သည်။ စွမ်းရည်မြင့်ခြင်း ဆိုသည်မှာ လောင်စာအတွင်းရှိ စွမ်းအင်ပမာဏကို များနိုင်သမျှ များအောင် ထုတ်ယူ အသုံးချနိုင်ခြင်းကို ဆိုလိုသည်။ လက်တွေ့တွင် မည်သည့် နည်းပညာနှင့် စက်ကိရိယာမှ လောင်စာအတွင်းရှိ စွမ်းအင်ကို ရာနှုန်းပြည့် မထုတ်ယူနိုင်ချေ။ စွမ်းရည်မြင့်သည် ဆိုသော သဘာဝဓာတ်ငွေ့သုံးစက်ရုံများသည်ပင် ဓာတ်ငွေ့ထဲရှိ စွမ်းအင်ပမာဏ၏ အများဆုံး ၆၀ ရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓာတ်အဖြစ် ထုတ်ယူနိုင်သေးသည်။ ကျောက်မီးသွေးသုံးစက်ရုံများသည်မူ ကျောက်မီးသွေးတွင် ရှိသော စွမ်းအင်၏ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းမျှကိုသာ စွမ်းအင်အဖြစ် ပြောင်းလဲထုတ်ယူနိုင်သည်။
ကာဘွန်ဒိုင်အောက်ဆိုက်ကို ဖမ်းယူ၍ လေထုတွင်း မရောက်စေရန် တားဆီးနိုင်
ကျောက်မီးသွေးကို အငွေ့အဖြစ် ပြောင်းပြီးမှ စွမ်းအင်ထုတ်ယူလျှင် တိုက်ရိုက် အပူလောင်မြှိုက်စေခြင်းထက် စွမ်းအင် ပိုမိုထုတ်ယူနိုင်သည်။ ဤနည်းတွင် အောက်ဆီဂျင်၏ အကူဖြင့် ကျောက်မီးသွေးကို အပူတိုက်ကာ ထွက်လာသော ဓာတ်ငွေ့ကို လောင်ကျွမ်းစေခြင်းဖြင့် လျှပ်စစ်ဓာတ်ထုတ်ယူသည်။ ယင်းဓာတ်ငွေ့မှ လူလုပ်လောင်စာ(Synfuel) ဟု ခေါ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီတို့နှင့် အလားတူသည့် လောင်စာများကိုလည်း ထုတ်ယူနိုင်သည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဟစ်တလာသည် ဂျာမနီတွင် ရေနံလက်ကျန် နည်းသွားသောအခါ အဆိုပါနည်းဖြင့် လူလုပ်လောင်စာများ ထုတ်လုပ်ခဲ့ဖူးသည်။ ယင်းနည်းသည် ကျောက်မီးသွေးကို လောင်ကျွမ်းစေခြင်းလောက် စွမ်းရည် မကောင်းလှချေ။ သို့သော် ဖြစ်စဉ်အတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုက်ကို ဖမ်းယူ၍ လေထုတွင်း မရောက်စေရန် တားဆီးနိုင်သည့် အားသာချက် ရှိသည်။
ကာဘွန်ဒိုင်အောက်ဆိုက်ကို ဖမ်းယူသိုလှောင်ခြင်းကို ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ရာ၊ တန်ပြန်ရာ၌ လက်တွေ့ဖြစ်နိုင်ချေ များစွာရှိသည့် ကိစ္စတစ်ခုအဖြစ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအစိုးရများကြား ဆက်သွယ် ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ)၏ ၂၀၀၅ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျောက်မီးသွေး အပါအ၀င် ရုပ်ကြွင်း လောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကို လေထုတွင်း မ၀င်ရောက်အောင် တားဆီးရန် ကျိုတိုသဘောတူညီချက် ထွက်ပေါ်ပြီးနောက်ပိုင်းတွင် တွန်းအားများ မက်လုံးများ ထွက်ပေါ်လာခဲ့သည်။ ယခုအခါ ကာဘွန်ဒိုင်အောက်ဆိုက်ကို တားဆီးဖမ်းယူ၍ မြေအောက်တွင် ထားရှိရေး သုတေသနလုပ်ငန်းများကို ဥရောပနိုင်ငံများတွင် အများဆုံးနှင့် ကျန်နိုင်ငံများတွင် အနည်းငယ် လုပ်ဆောင်နေကြသည်။
ထိုသို့ လုပ်ဆောင်ရန် ရုပ်ကြွင်းလောင်စာသုံးစက်ရုံများတွင် ကာဘွန်ကို ဖမ်းယူထားမည့် ကိရိယာများ၊ ဖမ်းယူရရှိသော ဓာတ်ငွေ့များကို မြေအောက်မပို့မီ အရည်အဖြစ် ပြောင်းသည့် ကိရိယာများကို တပ်ဆင်ရမည်။ ထိုသို့သော ကိရိယာများကို အပြည့်အ၀ တပ်ဆင်လည်ပတ်နေသည့် စက်ရုံများမှာ ဥရောပတွင် နှစ်ခုနှင့် အမေရိကန်တွင် နှစ်ခုသာ ရှိသေးသည်။ အချို့နေရာများတွင် စမ်းသပ်ဆဲ စက်ရုံအချို့တော့ ရှိသည်။ ယင်းနည်းပညာအတွက် ကုန်ကျစရိတ်များသည် ယခုအချိန်တွင် မြင့်မားနေသေးသော်လည်း လာမည့်နှစ် အနည်းငယ်အတွင်း လျော့ကျသွားနိုင်သည်။
ဖမ်းယူ အသွင်ပြောင်းပြီးသော ကာဘွန်ဒိုင်အောက်ဆိုက် အရည်များကို သင့်တော်သော မြေလွှာများထဲ ပေ ၃၀၀၀ ခန့် အနက်အထိ မှုတ်သွင်းနိုင်ပါက မြေထုဖိအားကြောင့် မြေအောက်တွင်ပင် နှစ်ပေါင်း ထောင်သောင်းချီ၍ တည်နေနိုင် သည်။ ကာဘွန်များကို မြေအောက်သို့ မှုတ်သွင်းခြင်း သုတေသန လုပ်နေသည့် တစ်နေရာမှာ ဥရောပတိုက် မြောက်ပင်လယ်တွင် ဖြစ်သည်။ သဘာဝဓာတ်ငွေ့တူးစင်တစ်ခုမှ မြေအောက် ကာဘွန်လှောင်ကန်အတွင်းသို့ ကာဘွန် တန်ချိန် သန်းပေါင်းများစွာကို ထည့်သွင်းသိုလှောင်စေခြင်းဖြင့် စမ်းသပ် သုတေသနပြုနေသည်။
ကာဘွန်ထုတ်လွှတ်နေသော စက်ရုံအများအပြားသည် ကာဘွန်ကို လက်ခံသိုလှောင်ထားနိုင်သည့် မြေအောက် မြေလွှာများနှင့် မိုင် ၂၀၀ ခန့် အတွင်းတွင် ရှိနေကြသည်။ ထို့ကြောင့် ရုပ်ကြွင်းလောင်စာများမှ ထွက်သည့် ကာဘွန်ဒိုင်အောက်ဆိုက်ကို လေထုထဲ မရောက်မီ တားဆီးဖမ်းယူ၍ မြေအောက်တွင် သိုလှောင်မည့် ကိစ္စသည် အကောင်အထည် ပေါ်လာနိုင်စရာ အကြောင်းရှိနေသည်။
နေရောင်စွမ်းအင်
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်တန်ပြန်ရာ၌ ရုပ်ကြွင်းလောင်စာတို့နေရာတွင် အစားထိုးနိုင်မည့် ပြန်ပြည့်မြဲ စွမ်းအင်တို့ကို စီးပွားရေးအရ တွက်ချေကိုက်စွာ အသုံးချရန် လိုအပ်နေသည်။ ပြန်ပြည့်မြဲ စွမ်းအင်ဆိုသည်မှာ သုံးစွဲ၍ ကုန်ခမ်းသွားခြင်း မရှိဘဲ အမြဲပြန်လည်ပြည့်တင်းနေမည့် နေရောင်စွမ်းအင်၊ လေစွမ်းအင်၊ ဒီရေစွမ်းအင်၊ ဘူမိအပူစွမ်းအင်စသည့် စွမ်းအင် ဇာစ်မြစ်များကို ခေါ်သည်။
နေရောင်စွမ်းအင် အသုံးပြုရန် စိတ်ဝင်စားမှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က ကမ္ဘာပေါ်တွင် ရေနံဈေးနှုန်း ခုန်တက်ခဲ့ချိန်မှ စတင်သည်။ သို့သော် နောက်ပိုင်း ရေနံဈေး တည်ငြိမ်သွားသောအခါ စိတ်ဝင်စားမှု လျော့သွားသည်။ ယခု ရာသီဥတုပြောင်းလဲမှု ပြဿနာ ကြီးထွားလာသောအခါ နေရောင်စွမ်းအင်၏ ကဏ္ဍသည် အရေးပါလာပြန်သည်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ ခန့်မှန်းချက်အရ ကမ္ဘာတွင် နေရောင်စွမ်းအင်မှ လျှပ်စစ်ဓာတ်ထုတ်ယူမှုသည် ၂၀၀၅ ခုနှစ် က ၄ ဂိုင်ဂါဝပ်ခန့် ရှိရာ ၂၀၀၃ ခုနှစ်ထက် နှစ်ဆတက်လာသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ယက်နှင့် ဝေးကွာသော ဒေသများတွင် နေရောင်စွမ်းအင်ကို အဓိကသုံးနေကြသည်။
|
|
|